စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်ဖောင် လိုက်လံဖမ်းဆီးသည့် ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်ဖောင် လိုက်လံဖမ်းဆီးသည့် ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ တိုက်ခိုက်ခံရ
Published 26 August 2018

ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် အင်ဖော်မာ အုပ်စုအထဲမှ လူအချို့အား ဖမ်းဆီးရမိပြီး ခံဝန်ကတိ ထိုးခိုင်းကာ ပြန်လည်လွှတ်ပေးနေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် တရားမဝင်သစ်ဖောင် လိုက်လံဖမ်းဆီးသည့် ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့အား လူအုပ်စုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ကနီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ကနီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့သည် ကနီမြို့နယ် ချင်းတွင်းမြစ်အထက်မှ ချင်းတွင်းမြစ်အောက်သို့ တရားမဝင်သစ်များ သယ်ဆောင်လာသည့် စက်လှေများကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ထိုအချိန်တွင် လူတစ်စုက ၎င်းတို့ဖမ်းဆီးနေသည့် သစ်ဖောင်နေရာသို့ ရောက်လာပြီး တရားမဝင်သစ် သယ်ဆောင်လာသူများထံမှ ကျပ်တစ်သိန်းတောင်းရာ သစ်ပိုင်ရှင်က ကျပ်သုံးသောင်းသာ ပေးလိုက်ကြောင်း၊ ယင်းနောက် ၎င်းတို့အား လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ၎င်းတို့ကို မည်သူက ခိုင်းသလဲဟု မေးမြန်းရာ ၎င်းတို့လူစုသည် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

“ကျွန်တော်တို့က ကြိုတင်ပြီးတော့ သတင်းရလို့ ကနီမြို့နယ် ချင်းတွင်းမြစ်ထဲမှာ သစ်ဖောင်တွေကို လိုက်ဖမ်းနေတာ။ ကနီမြို့ရဲ့ အထက်နား အရောက်မှာ သစ်ဖောင်ကို စတွေ့တယ်။ ကျွန်တော်တို့က ဖမ်းမလို့ လုပ်နေတုန်း သစ်တောအင်ဖော်မာတွေနဲ့ စရဖအင်ဖော်မာတွေ ရောက်လာတယ်။ သစ်ပိုင်ရှင်ဆီကို ပိုက်ဆံတစ်သိန်း တောင်းတယ်။ သစ်ပိုင်ရှင်ကလည်း တစ်သိန်းမပေးနိုင်ဘူး။ သုံးသောင်းပဲ ပေးမယ်ပြောတော့ သစ်တောအင်ဖော်မာတွေနဲ့ စရဖအင်ဖော်မာတွေက သူတို့တောင်းတဲ့ ပိုက်ဆံတစ်သိန်းမပေးရင် ကမ်းကိုကပ်ခိုင်းတယ်။ ဒါနဲ့သူတို့က ကျွန်တော်တို့အဖွဲ့ကို မေးတယ်။ ခင်ဗျားတို့အဖွဲ့က အဆင်ပြေပြီလားတဲ့။ ကျွန်တော်တို့အဖွဲ့ကလည်း အဆင်ပြေတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ကျွန်တော်က စရဖအင်ဖော်မာတွေနဲ့ သစ်တောအင်ဖော်မာတွေကို သွားပြီးမေးလိုက်တယ်။ ဒီကိစ္စကို ခင်ဗျားတို့ကို ဘယ်သူက လုပ်ခိုင်းတာလဲ။ ခင်ဗျားတို့မှာ ဘာတာဝန်ရှိလဲလို့မေးတော့ မေးတာမဖြေဘဲ သူတို့စီးလာတဲ့ စက်လှေကို ပြန်မောင်းသွားတယ်” ဟု ကနီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဆိုပါလူစုသည် လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ပြန်သွားပြီး ခဏအကြာတွင် စက်လှေနှစ်စင်းဖြင့် လူအပြည့် လက်နက်အပြည့်ဖြင့် ထပ်မံရောက်ရှိလာပြီး ကနီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့အား တိုက်ခိုက်ခဲ့ကြောင်း၊ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ကလည်း ၎င်းတို့စီးလာသည့် စက်လှေကို အမြန်ဆုံး မောင်းထွက်ခဲ့သော်လည်း အဆိုပါအုပ်စုက လိုက်လံတိုက်ခိုက်ခဲ့ကြောင်း၊ ကနီမြို့ဆိပ်ကမ်းသို့ ကပ်မည့်အချိန်တွင် ကြိုတင်ရောက်ရှိနေသည့် လူအုပ်စုက တုတ်များ၊ ဓားများ၊ လောက်လေးခွများဖြင့် ပြေးလာပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ၎င်းတို့စီးလာသည့် စက်လှေနှင့်အတူ ထွက်ပြေးခဲ့ကြကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

ကနီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မြို့နယ်မှ တာဝန်အရှိဆုံး လူပုဂ္ဂိုလ်များအား ၎င်းထွက်ပြေးနေစဉ်အတွင်း ဖုန်းဆက်ခေါ်ကြောင်း၊ ခဏအကြာတွင် မြို့နယ်မှ တာဝန်ရှိသူများ ရောက်ရှိလာချိန်တွင် အဆိုပါအုပ်စုက ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့အုပ်စု ထွက်ပြေးသွားသော်လည်း လူအချို့ကို ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကနီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ထွက်ပြေးလွတ်မြောက်သွားသော လူအုပ်စုကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ရှာဖွေနေကြောင်း သိရသည်။