ပြီးခဲ့သည့် ငါးနှစ်အတွင်းက ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၇,၀၀၀ အထိသာ အမြင့်ဆုံး မြင့်တက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် သြဂုတ်အထိ တစ်နှစ်အတွင်း ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၁၈,၀၀၀ အထိ စံချိန်တင် မြင့်တက်ဟုဆို

ပြီးခဲ့သည့် ငါးနှစ်အတွင်းက ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၇,၀၀၀ အထိသာ အမြင့်ဆုံး မြင့်တက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် သြဂုတ်အထိ တစ်နှစ်အတွင်း ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၁၈,၀၀၀ အထိ စံချိန်တင် မြင့်တက်ဟုဆို
Published 24 August 2018

ဆန်ကုန်သည်များ၊ ဆန်အကျိုးဆောင်များနှင့် ဆန်လက်လီဆိုင်ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ပြီးခဲ့သည့်ငါးနှစ်အတွင်း ပြည်တွင်း၌ ပေါ်ဆန်းဈေးနှုန်းသည် တစ်အိတ်လျှင် ကျပ် ၇,၀၀၀ အထိသာ မြင့်တက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် သြဂုတ်အထိ တစ်နှစ်အတွင်း ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၁၈,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သြဂုတ်၂၃ ရက်က ဝါးတန်းဆန် ကုန်စည်ဒိုင်တွင် ပြုလုပ်သည့် လတ်တလော ဖြစ်ပေါ်နေသော ဆန်ချောဈေးနှုန်းများအပေါ် ‘ဆန်ကုန်သည်များ၊ ဆန်အကျိုးဆောင်များနှင့် ဆန်လက်လီဆိုင် ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးပွဲ’ အခမ်းအနားမှ သိရသည်။

“ဖော်ပြထားတဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ပေါ်ဆန်းတစ်အိတ်ကို ၇,၀၀၀ ကျပ်အထိပဲ မြင့်တက်ခဲ့တယ်။ ဒီဘက်တစ်နှစ်အတွင်းမှာ တစ်အိတ်ကို ၁၈,၀၀၀ အထိ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသော ဆန်လက်လီ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ဆွေးနွေးတင်ပြခဲ့သည်။

နှစ်အလိုက်ဖြစ်ပေါ်ခဲ့သည့် ပေါ်ဆန်းဈေးနှုန်းများကို လေ့လာကြည့်ပါက ၂၀၁၃ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၆,၅၀၀၊ ၂၀၁၄ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၄၁,၀၀၀၊ ရေးကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၈,၅၀၀၊ ၂၀၁၆ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၄,၅၀၀၊ ၂၀၁၇ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းတစ်အိတ် ကျပ် ၃၄,၀၀၀ အသီးသီး ရှိခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည့် နှစ်အလိုက် ဆန်ဈေးနှုန်း နှိုင်းယှဉ်ချက်များမှ သိရသည်။

ဖော်ပြချက်များအရ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် ငါးနှစ်အတွင်း ဆန်းဈေးနှုန်း အမြင့်ဆုံးနှင့် အနိမ့်ဆုံး ကွာခြားချက်သည် ကျပ် ၇,၀၀၀ သာရှိသည်။

၂၀၁၈ ခုနှစ် သြဂုတ်တွင် ပေါ်ဆန်းဈေးနှုန်း တစ်အိတ်ကို ကျပ် ၅၂,၀၀၀ နှင့်အထက် ဖြစ်ပေါ်နေသည့်အတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ဖြစ်ပေါ်ခဲ့သည့် ပေါ်ဆန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်နှစ်အတွင်း တစ်အိတ်ကို ကျပ် ၁၈,၀၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဆန်ဈေးနှုန်းများကို နှိုင်းယှဉ်ဇယားနဲ့ ပြထားတာပါ။ ဒီနေရာမှာ လေ့လာကြည့်ရင် ဒီနှစ်သြဂုတ်လမှာ ဖြစ်နေတဲ့ ပေါ်ဆန်းဈေးနှုန်းဟာ အမြင့်ဆုံး ရောက်ရှိနေတာ တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

ယခင်နှစ်များတွင် ပေါ်ဆန်းဈေးနှုန်း တစ်ခါတက်ပါက တစ်အိတ်ကို ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိသာ မြင့်တက်ခဲ့သော်လည်း လက်ရှိ ၂၀၁၈ ခုနှစ်တွင် ပေါ်ဆန်းဈေးနှုန်း တစ်ခါတက်ပါက တစ်အိတ်လျှင် ကျပ်၂၀၀၀ မှ ကျပ် ၃၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းများ စံချိန်တင် ဖြစ်ပေါ်နေသော်လည်း ပြည်တွင်း၌ ပေါ်ဆန်းဆန် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျခြင်း မရှိကြောင်း သိရသည်။

“ပြန်လည်သုံးသပ်တဲ့ အခါမှာ ဒီနေ့ပေါ်ဆန်းဆန် စိုက်ပျိုးထုတ်လုပ်မှုကလည်း ယခင်နှစ်ထက်များပါတယ်။ မနှစ်ကထက် စိုက်ဧကများသလို အထွက်နှုန်းလည်း များပါတယ်” ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

“ပြည်သူတွေစားနေတဲ့ ရွှေဘိုပေါ်ဆန်းဆန်က အခုဆို ၆၀,၀၀၀ ကျော်သွားပြီ။ ပြည်သူအများစုစိုက်တဲ့ ဆန်အမျိုးအစားတွေက ၂၅,၀၀၀ လောက်ပဲရှိတာ။ ဆိုတော့ ဈေးက ထက်ဝက်မကဘူး ဖြစ်နေတယ်။ တောင်သူတွေလည်း အဆင်မပြေဘူး၊ စားသုံးသူတွေလည်း အဆင်မပြေဘူး” ဟု ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

 

Most Read

Most Recent