တရားခံဖမ်းရန် သွားသည့် ရဲတပ်ကြပ် တစ်ဦးအား လူလေးဦးက ဓားဖြင့် ဝိုင်းခုတ်မှု မတ္တရာမြို့နယ်တွင် ဖြစ်ပွား

တရားခံဖမ်းရန် သွားသည့် ရဲတပ်ကြပ် တစ်ဦးအား လူလေးဦးက ဓားဖြင့် ဝိုင်းခုတ်မှု မတ္တရာမြို့နယ်တွင် ဖြစ်ပွား
Published 23 August 2018

မသင်္ကာတရားခံ ဖမ်းရန်သွားခဲ့သည့် ရဲတပ်ကြပ်ကြီး တစ်ဦးအား လူလေးဦးက ဝိုင်း၍ ဓားဖြင့်ခုတ်မှု သြဂုတ် ၂၁ ရက်ညက မတ္တရာမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းမိထားကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၁ ရက် ည ၁၁ နာရီကျော်တွင် မတ္တရာမြို့မရဲခစန်းမှ ရဲတပ်ကြပ် အောင်အောင်သည် မြို့ပေါ်ရပ်ကွက်များအတွင်း ဆိုင်ကယ်သူခိုးများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် ရပ်ကွက် တာဝန်ရှိသူများနှင့် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ်တစ်ခုကို စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေး ရှာဖွေနေစဉ် နေအိမ်ရှိ ထက်ကြီးဆိုသူက အရိုးအသွား လက်မ ၂၀ ခန့်ရှိ ဓားဖြင့် ရဲတပ်ကြပ်အား ဝင်ခုတ်ခဲ့ကြောင်း၊ ရဲတပ်ကြပ် လဲကျသွားစဉ် ထက်ကြီး၏ အဖေဖြစ်သူ နှင့် အခြားသူ တစ်ဦးတို့ကလည်း ဓားများဖြင့် ဝင်ခုတ်ခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားဖြင့် ဝိုင်းခုတ်သည့် ဖြစ်စဉ်ကြောင့် ရဲတပ်ကြပ် အောင်အောင်တွင် ဦးခေါင်းထိပ် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာများ၊ လက်ဖျံ၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း စသည်တို့တွင် အသီးသီး ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မတ္တရာမြို့မရဲခစန်းသို့ ဆက်သွယ် မေးမြန်းရာ “ကျူးလွန်သူ လေးဦးကို ဖမ်းဆီးရမိထားပါပြီ။ ဓားနဲ့ အခုတ်ခံရတဲ့ ရဲတပ်ကြပ်ကတော့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ပါဘူး။ ကျူးလွန်သူတွေကို တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ နာကျင်စေမှုစတဲ့ ပုဒ်မတွေနဲ့ ဖွင့်ဖို့ ဆောင်ရွက်သွားမှာပါ” ဟု စခန်းမှူး ဒုရဲမှူး ခင်ဝင်းဇော်က ပြောကြားသည်။

အဆိုပါ ဓားခုတ်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အခင်းဖြစ် နေအိမ်ဝန်းကျင်သို့ ဆက်လက် ရှာဖွေရာ ပိုင်ဇင်ဦး ဆိုသူကို တွေ့ရှိခဲ့ပြီး စစ်ဆေးရာ ၎င်းမှာ ဓားဖြင့်ခုတ်ခဲ့ခြင်းမရှိဘဲ ချုပ်နှောင် ဟန့်တားပေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မသင်္ကာတရားခံများ ဖမ်းဆီးရန်လာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဝိုင်းဝန်း ဓားဖြင့်ခုတ်ခဲ့သူများကို မတ္တရာမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။