နှလုံးသွေးကြောပိတ် လူနာများကို ပိုမိုထိရောက်စွာကုသနိုင်ရန် နှလုံး အထူးကြပ်မတ်ကုသဌာနများ ပြည်သူ့ဆေးရုံကြီးခြောက်ရုံတွင် ဖွင့်လှစ်ရန်လျာထား

နှလုံးသွေးကြောပိတ် လူနာများကို ပိုမိုထိရောက်စွာကုသနိုင်ရန် နှလုံး အထူးကြပ်မတ်ကုသဌာနများ ပြည်သူ့ဆေးရုံကြီးခြောက်ရုံတွင် ဖွင့်လှစ်ရန်လျာထား
Published 23 August 2018

နှလုံးအထူးကြပ်မတ်ကုသဌာနဖွင့်လှစ်ထားရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

နှလုံးသွေးကြောပိတ်လူနာများအား ပိုမို ထိရောက်စွာကုသနိုင်ရန် နှလုံးအထူးကြပ်မတ်ကုသမှုဌာန (Coronary Care) များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြည်သူ့ ဆေးရုံကြီး  ခြောက်ရုံတွင် ဖွင့်လှစ်ရန်လျာထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

ထိုသို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အဆင့်ဆေးရုံများတွင် နှလုံးရောဂါနှင့် နှလုံးရောဂါ အရေးပေါ်အခြေအနေများကို ကုသမှုပေးနိုင်ခြင်းဖြင့် လူနာများအနေဖြင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးနှင့် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးများတွင် သွားရောက် ကုသရန်လိုအပ်မှု လျော့နည်းသွား မည်ဖြစ်ကြောင်းနှင့် လက်ရှိလျာထားသည့် ပြည်သူ့ဆေးရုံကြီးများတွင် ဖွင့်လှစ်နိုင်ရန် ဆေးရုံသုံးပစ္စည်းများထောက်ပံ့ခြင်းနှင့် သင် တန်းများ ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း  သိရသည်။

လက်ရှိတွင် ရုတ်တရက်နှလုံးသွေးကြောပိတ် လူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါကုဌာန၌ အရေးပေါ်နှလုံးသွေးကြောချဲ့သည့် နည်းပညာဖြင့် ၂၄ နာရီ ကုသမှု ပေးလျက်ရှိကြောင်း၊ ထိုသို့အရေးပေါ်လူ နာများကို ကုသမှုပေးနိုင်ရန် စင်ကာပူနိုင်ငံ Tan Tock Seng Hospital ၊ Temasek Foundation၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ် မတ်မှ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း စီမံချက်တစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါစီမံချက်တွင် နှလုံးအထူးကုဆရာဝန်များ၊ နှလုံးဆေးကုသဆောင်တွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုများ၊ ဓာတ်မှန်ကျွမ်းကျင်များကို နည်းပညာပိုင်းဆိုင်ရာ သင်တန်းများပေးခဲ့ပြီး ရုတ်တရက် နှလုံးသွေးကြောပိတ်လူနာများကို အရေးပေါ်နှလုံးသွေးကြောချဲ့ နည်းပညာဖြင့် လူနာပေါင်း ၂၀၀ ကျော်ကို ကုန်ကျစရိတ် သက်သာစွာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကုသပေးပြီးဖြစ်ကြောင်း သိရသည်။

နှလုံးသွေးကြောရောဂါသည် ကမ္ဘာပေါ်တွင် အများဆုံးသေကျေသော ရောဂါဖြစ်ပြီး တစ်နှစ်လျှင် လူပေါင်း ၁၇ ဒသမ ၂ သန်းခန့် သေဆုံးမှုရှိနေကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါဆိုသည်မှာ နှလုံးသွေးလွှတ်ကြော နံရံ များတွင် အဆီများစုပုံလာရာမှ သွေးကြောနံရံများထူလာပြီး သွေးစီးလမ်းကြောင်း ကျဉ်းသွားခြင်း (သို့မဟုတ်) လုံးဝပိတ်သွားခြင်း တို့ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နှလုံးသွေးကြော ကျဉ်းနေပါက နှလုံးကြွက်သား ရှင်သန်မှု အတွက် လိုအပ်သောသွေးများနှင့် အောက်ဆီဂျင်ပမာဏ လုံလောက်စွာမရရှိတော့သဖြင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်းနှင့် ရုတ်တရက် နှလုံးရပ်သွားခြင်းတို့ ဖြစ်လာနိုင် ကြောင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသော အဓိကအကြောင်းရင်းများမှာ သွေးတိုးရောဂါရှိခြင်း၊ သွေးတွင် အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါး ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

WHO Global Health Estimates တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံရှိ အမျိုးသားနှင့်အမျိုးသမီးများ၌ မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုစာရင်းအရ နှလုံး သွေးကြောကျဉ်းရောဂါမှာ အများဆုံးဖြစ်နေပြီး ရာခိုင်နှုန်း ၄၀ ကျော်ရှိနေကြောင်း သိရသည်။

မကူးစက်နိုင်သောရောဂါများအနက် မြန်မာအမျိုးသားများတွင် သေဆုံးမှုနှုန်း အများဆုံးရောဂါများမှာ နှလုံးသွေးကြောကျဉ်း ရောဂါ ၃၉ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ၂၁ ရာ ခိုင်နှုန်း၊ အခြားနာတာရှည်ရောဂါများ၂၄ ရာခိုင်နှုန်း၊ နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များ ၁၂ ရာခိုင် နှုန်း၊ ဆီးချိုသွေးချို လေးရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်း ရောဂါမှာ ၄၅ ရာခိုင်နှုန်း၊ ကင်ဆာ၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ၁၇ ရာခိုင်နှုန်းစီ၊ အခြားနာတာရှည်ရောဂါများ ၁၄ ရာခိုင်နှုန်း၊ ဆီးချိုသွေးချို ခုနစ်ရာခိုင်နှုန်းခန့်အထိရှိကြောင်း သိရသည်။