အီရန်ယူ-၂၃အသင်းနှင့်ပွဲစဉ်အတွက် အသင်းဖော်များကို ဆွန်ဟောင်မင် သတိပေး

အီရန်ယူ-၂၃အသင်းနှင့်ပွဲစဉ်အတွက် အသင်းဖော်များကို ဆွန်ဟောင်မင် သတိပေး
Published 22 August 2018

Photo: Getty Images

၂၀၁၈ အာရှအားကစားပြိုင်ပွဲဝင် တောင်ကိုရီးယားယူ-၂၃ အသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်သည် အီရန်ယူ-၂၃အသင်းနှင့်ပွဲစဉ်အတွက် အသင်းဖော်များကို သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားယူ-၂၃အသင်းသည် လာမည့် သြဂုတ်လ (၂၃)ရက်နေ့တွင် ၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်တွင် အာရှအင်အားကြီး အီရန်ယူ-၂၃အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ဆွန်ဟောင်မင်သည် အသက် (၂၆)နှစ် ရှိနေပြီဖြစ်သော်လည်း ယူ-၂၃ အသင်းတွင် အသက် (၂၃)နှစ်ကျော်သည့် ကစားသမား(၃)ဦးကို ရွေးချယ်ခွင့်ရှိသဖြင့် တောင်ကိုရီးယားယူ-၂၃အသင်း၌ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ဥပဒေအရ အမျိုးသားတိုင်း (၂၁)လ စစ်မှုထမ်းရမည်ဆိုသည့်အချက်ကို ရှောင်လွဲနိုင်ရန် ယခုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိရန် လိုအပ်နေကြောင်း သိရသည်။

ဆွန်ဟောင်မင်က "အီရန်အသင်းဟာ အလွန်မာကျောတဲ့အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့အားလုံးက ပရော်ဖက်ရှင်နယ်ကစားသမားတွေပါ။ ဒီတော့ ကစားသမားတွေအနေနဲ့ အားလုံးကို နားလည်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လာမယ့်ပွဲစဉ်တွေမှာ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယားယူ-၂၃အသင်းသည် ယခုနှစ် အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ၌ အုပ်စု(E)တွင် မလေးရှား၊ ဘာရိန်း၊ ကာဇက်စတန်အသင်းတို့နှင့်အတူ ကျရောက်ခဲ့ပြီး မလေးရှားယူ-၂၃အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ဒုတိယသာ ရရှိခဲ့ပြီး အုပ်စု(F)မှ ပထမရရှိခဲ့သည့် အီရန်ယူ-၂၃အသင်းနှင့် တွေ့ဆုံနေခြင်း ဖြစ်သည်။

တောင်ကိုရီးယားအသင်းအနေဖြင့် အီရန်ယူ-၂၃အသင်းကိုသာ အနိုင်ရခဲ့မည်ဆိုပါက ကွာတားဖိုင်နယ်တွင် ဥဇဘက်ကစ္စတန်-ဟောင်ကောင်အသင်းတို့၏ ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Photo: Getty Images

အသက် (၂၆)နှစ်အရွယ်ရှိ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်သည် ကာဇက်စတန်အသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် တောင်ကိုရီးယားယူ-၂၃အသင်းအတွက် (၁)ဂိုး သွင်းယူပေးထားသူ ဖြစ်သည်။

တောင်ကိုရီးယားယူ-၂၃အသင်းသည် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို (၄)ကြိမ်အထိ ရရှိထားပြီး အမိမြေတွင် ကျင်းပခဲ့သည့် ၂၀၁၄ ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့သည်။