ပုဂ္ဂလိကအသံလွှင့်ကုမ္ပဏီများက Infrastructure နှင့် လိုင်းများငှားရမ်းခအား သတ်မှတ်ကာလအတွင်း ပေးဆောင်မှုမရှိသည့် အစဉ်အလာတစ်ရပ်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ထောက်ပြမှ အရေးယူခြင်းမျိုး မဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ တိတိကျကျ အရေးယူ ဆောင်ရွက်ရန် လိုအပ်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ မှတ်ချက်ပြု

ပုဂ္ဂလိကအသံလွှင့်ကုမ္ပဏီများက Infrastructure နှင့် လိုင်းများငှားရမ်းခအား သတ်မှတ်ကာလအတွင်း ပေးဆောင်မှုမရှိသည့် အစဉ်အလာတစ်ရပ်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ထောက်ပြမှ အရေးယူခြင်းမျိုး မဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ တိတိကျကျ အရေးယူ ဆောင်ရွက်ရန် လိုအပ်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ မှတ်ချက်ပြု
Published 21 August 2018

သြဂုတ်လ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Union Parliament)

ပုဂ္ဂလိကအသံလွှင့်ကုမ္ပဏီများက Infrastructure နှင့် လိုင်းများငှားရမ်းခအား သတ်မှတ်ကာလအတွင်း ပေးဆောင်မှုမရှိသည့် အစဉ်အလာတစ်ရပ်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ထောက်ပြမှ အရေးယူ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ တိတိကျကျ အရေးယူ ဆောင်ရွက်ရန် လိုအပ်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုခဲ့သည်။

သြဂုတ် ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှလည်း ငှားရမ်းခငွေများကို စာချုပ်ပါ သတ်မှတ်ကာလအတွင်း ပေးဆောင်မှုမရှိသည့်အတွက် ဘဏ္ဍာနှစ်အလိုက် ရရှိမည့်ငွေများ အပြည့်အ၀ မရရှိခြင်း၊ ဒဏ်ကြေးနှုန်းထားအား အလေးဂရုမပြုဘဲ ခြောက်လကျော်ကာလအထိ ကြာမြင့်မှသာ ပေးသွင်းရမည့်ငွေနှင့် ဒဏ်ကြေးများ ပေးဆောင်မှုသည် အစဉ်အလာတစ်ရပ် ဖြစ်နေခြင်းကြောင့် ဌာနမှ စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ ဝန်ကြီးဌာနသို့တင်ပြ၍ အရေးယူ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပေးသွင်းစေရေးဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ် အကြံပြုထားသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပုဂ္ဂလိကအသံလွှင့်ကုမ္ပဏီများ အကျိုးတူပူးပေါင်း၍ ရုပ်သံလိုင်း ထည့်သွင်းထုတ်လုပ်ခြင်း Infrastructure Receiver ငှားရမ်းထုတ်လွှင့်ခြင်း၊ Studio ငှားရမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စာချုပ်အရ ငှားရမ်းခပေးသွင်းခြင်းကို သုံးလပြည့်မြောက်ပြီး စတုတ္ထမြောက်လ၏ လဆန်း ၁၅ ရက်အတွင်း ပေးသွင်းစေပြီး နောက်ကျပေးသွင်းပါက တစ်လလျှင် ပေးသွင်းရမည့် ငွေပမာဏ၏ တစ်ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် တွက်ချက်တောင်းခံလျက်ရှိသည်ဟု တွေ့ရှိရကြောင်း၊ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသူသို့ ပေးသွင်းရန် ကျန်ရှိသူ ငွေကြေးများကို သုံးလတစ်ကြိမ်ဖြင့် နှစ်ကြိမ်ဆက်တိုက် ပေးသွင်းရန် ပျက်ကွက်ခဲ့လျှင် ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်မှုပြုနိုင်သည်ဟု စာချုပ်များတွင် ဖော်ပြထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Forever Group Co.,Ltd နှင့် Myanmar Online Co.,Ltd အနေဖြင့် သတ်မှတ်ကာလအတိုင်း ငှားရမ်းခများ ပေးဆောင်မှုမရှိဘဲ သတ်မှတ်ကာလထက် အနည်းဆုံးနှစ်လမှ ခုနစ်လအထိကြာပြီးမှ ငှားရမ်းခများအား ဒဏ်ကြေးပေးဆောင်ပြီး ပေးသွင်းသည်ကို တွေ့ရကြောင်း၊ ယင်းသို့ဒဏ်ကြေးများ ပေးဆောင်နေခြင်းမှာ သတ်မှတ်ဒဏ်ကြေးအား တစ်လလျှင် ပေးသွင်းရမည့် ငွေပမာဏ၏ တစ်ရာခိုင်နှုန်းသာ သတ်မှတ်ထားသည့်အတွက် စာချုပ်ပါပေးချေရမည့် အချိန်ကာလကို အလေးမထားဘဲ ဆောင်ရွက်နေခြင်းကြောင့် သက်ဆိုင်ရာခုနှစ်အလိုက် ရရှိမည့်ငွေများ အပြည့်အ၀ မရရှိသည်ကို တွေ့ရှိရကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင်း Infrastructure နှင့် Channel၊ FM ငှားရမ်းမှု များအနက် ၂၀၁၇ ခုနှစ် မတ်လကုန်တွင် ငှားရမ်းခကြွေးကျန်များ ကျန်ရှိသည့် ကုမ္ပဏီများ၏ ပေးသွင်းငွေများနှင့် ပေးသွင်းရန် ကျန်ရှိမှုများအနေဖြင့် Forever Group မှ Infrastructure အတွက် ကျပ်သန်းပေါင်း ၁၈၃၀ ဒသမ ၀၀၀၊ Forever Group၊ Mandalay FM အတွက် ကျပ်သန်းပေါင်း ၅၄ ဒသမ ၀၀၀၊ Myanmar Online၊ ပဉ္စဝတီ FM မှ ကျပ်သန်းပေါင်း ၂၅ ဒသမ ၂၀၀၊ Forever Group၊ MRTV-4, Channel 7 နှင့် 5 Plus (Channel) မှ ကျပ်သန်းပေါင်း ၃၆၀ ဒသမ ၀၀၀၊ စုစုပေါင်းအနေဖြင့် ကျပ်သန်းပေါင်း ၂၂၆၉ ဒသမ ၂၀၀ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent