ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာတပ်မတော်အပေါ် ပိတ်ဆို့မှုများချမှတ်

ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာတပ်မတော်အပေါ် ပိတ်ဆို့မှုများချမှတ်
Published 19 August 2018

ဘင်္ဂါလီ မွတ်စလင်များအပေါ် လူမျိုးစုလိုက် သုတ်သင်မှုနှင့် အခြားလူမျိုးစု လူနည်းစု အုပ်စုများအပေါ် ကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့များအား စီးပွားရေးပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း  အမေရိကန်ဘဏ္ဍာရေး ဌာနက သြဂုတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။

ယင်းအရေးယူမှုသည် မြန်မာတပ်မတော် နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့မှ ဦးစီးမှူး လေးဦးနှင့် တပ်မတော်တပ်ဖွဲ့နှစ်ခုတို့ကို ပစ်မှတ်ထားသည်။ ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နှင့် အာရှတိုက် အခြားနေရာများသို့ ထွက်ပြေးစေခဲ့သည့် အကြမ်းဖက်မှုအတွက် အမေရိကန်သည် ယခင်က တပ် မတော်အရာရှိတစ်ဦးကိုသာ အရေးယူခဲ့သည်။ ဥရောပသမဂ္ဂနှင့် ကနေဒါတို့က အရာရှိ ခုနစ်ဦးကို ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

“မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လူမျိုးစုလိုက် သုတ်သင်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ တခြားပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် မြန်မာနိုင်ငံတစ်လွှားက လူမျိုးစု လူနည်းစုအုပ်စုတွေအပေါ် အကြမ်းဖက်လုပ်ဆောင်မှုတွေမှာ ပါဝင်ခဲ့ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဌာန အကြီးတန်းအရာရှိတစ် ဦးဖြစ်သူ စီဂေါပီမန်ဒယ်ကာက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးစုလိုက် သုတ်သင်မှုအပြင် မြန်မာအစိုးရက လူမျိုးစု လူနည်းစုအုပ်စုများကို ကိုယ်စားပြုသည့် လက်နက်ကိုင်တပ်များနှင့် နှစ်ပေါင်းများစွာကြာ ပြည်တွင်းစစ်ဆင်နွှဲနေ သည့် မြောက်ပိုင်းတောင်တန်းဒေသများ ဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း အမေရိကန်၏ ကြေညာချက်က ထောက်ပြခဲ့သည်။ ယင်းဒေသများတွင် မြန်မာတပ်မတော်တပ်ဖွဲ့များသည် ၎င်းတို့အနေဖြင့် ဘင်္ဂါလီမွတ်စလင်များအပေါ် ကျင့်သုံး သည့် နည်းဗျူဟာများအတိုင်း ပြုလုပ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။

ယခုပိတ်ဆို့မှုများ ပြုလုပ်ရာ၌ ပစ်မှတ်ထားခံရသူများမှာ အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇော၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူးဟောင်း ရဲမှူးချုပ် သူရစန်းလွင်၊ တပ်မ (၉၉) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ခင်လှိုင်၊ တပ်မ (၉၉) နှင့် တပ်မ (၃၃) တို့ ဖြစ်ကြသည်။

အမေရိကန်ဘဏ္ဍာရေးဌာနက ယင်းဦးစီးမှူးများနှင့် ယင်းတပ်ဖွဲ့တို့၏ တပ်ဖွဲ့ဝင်များနှင့်ပတ်သက်သော နိုင်ငံခြားပိုင်ဆိုင်မှု သို့မဟုတ် နိုင်ငံခြားဘဏ္ဍာရေး ဆက်နွှယ်ချက်များအကြောင်း အသေးစိတ်အချက်အ လက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ တပ် ဖွဲ့များကို အမည်တပ်ခြင်းသည် ယင်းတပ်ဖွဲ့များနှင့် အလုပ်လုပ်ရန် သို့မဟုတ် ပူးပေါင်း ဆောင်ရွက်ရန်ရှိသည့် အမေရိကန်စစ်တပ် သို့မဟုတ် အခြားနိုင်ငံအချို့မှ စစ်တပ်တို့အ တွက် ခက်ခဲစေနိုင် သို့မဟုတ် မဖြစ်နိုင်ဟု ဆိုသည်။

“ခင်ဗျားတို့ လုပ်မှာတွေအတွက် အန္တ ရာယ်တွေရှိတယ်ဆိုတာ ဒါက မြန်မာတပ်မတော်ကို မက်ဆေ့ချ်တစ်ရပ် ပေးလိုက်တာပါ ပဲ။ ဒါက အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုဆီ ဦးတည်သွားစေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အာရှညွှန်ကြားရေးမှူး ဘရက်အဒမ်က ပြောကြားခဲ့သည်။

မစ္စတာအဒမ်က အစိုးရတစ်ရပ်အနေဖြင့်  တပ်မတော်တပ်ဖွဲ့တစ်ရပ်လုံးကို အမည်တပ်ခြင်းသည် ရှားပါးသည့်ကိစ္စဖြစ်သည်ဟုလည်း ဆိုသည်။ “တကယ်ကို ကြီးမားတဲ့ ကိစ္စပါပဲ”  ဟု ၎င်းက ဆို၏။

အမေရိကန် နိုင်ငံခြားရေးဌာနသည် ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံစာတစ်စောင်ကို ပြင်ဆင်နေပြီး လာမည့်သီတင်းပတ်အတွင်း တွေ့ရှိချက်များကို ထုတ်ပြန် ဖွယ်ရှိသည်။ ယင်းအစီရင်ခံစာ၌ နောက်ထပ်လူများကို အမည်တပ်လိမ့်ဦးမည်ဟု မျှော်လင့်ကြောင်း အဒမ်က ပြောကြားခဲ့သည်။ အမေရိကန်က မြန်မာထိပ်တန်းတပ်မတော်ဦးစီးမှူးများကို ပိတ်ဆို့မှုများ ချမှတ်မည်လားနှင့်  လူမျိုးတုံးသတ်ဖြတ်မှုဟု ခေါ်ဆိုမည်လားဟူ၍ ယင်းအစီရင်ခံစာအတွက် မေးခွန်း နှစ်ရပ်ရှိနေသည်ဟု ဆိုသည်။

မြန်မာတပ်ဖွဲ့များက လူသတ်မှုများ၊ မုဒိမ်းမှုများနှင့် ဘင်္ဂါလီမွတ်စလင်များကို အတင်းအဓမ္မ မောင်းထုတ်မှုများ ကျူးလွန်ခြင်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးဆိုင်ရာ ရက်စက် ကြမ်းကြုတ်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်သုံးခုတွင် မြန်မာတပ်မတော် ဦးစီးမှူးများနှင့် တပ်မတော်သားများက ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ပဋိပက္ခ စတင် ချိန်၌ မြန်မာတပ်ဖွဲ့များ၏ အခန်းကဏ္ဍကိုလည်း အမေရိကန်ဘဏ္ဍာရေးဌာနက ထောက်ပြခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း နယ်စပ်စခန်းများ တိုက်ခိုက်ခံရမှုကို မြန်မာတပ်မတော်က တုံ့ပြန်သည့်အခါ ဒုက္ခသည်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ပြေးစေပြီး နယ်စပ်အနီးရှိ ခနော်နီခနော် နဲ့ စခန်းများ၌ နေထိုင်နေရစေသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေး တစ်ရပ်နှင့်အတူ အကြမ်းဖက်မှုက အဆင့်သစ်များဆီသို့ ရောက်ရှိသွားခဲ့သည်။