အောင်ရဲထွေးအမှုမှာ ပြည်သူများအကြား ထင်ရှားသည့်အမှုဖြစ်သဖြင့် ဆက်လက်စစ်ဆေးလျက်ရှိပြီး ရလဒ်များကို မကြာမီထုတ်ပြန်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောကြား

အောင်ရဲထွေးအမှုမှာ ပြည်သူများအကြား ထင်ရှားသည့်အမှုဖြစ်သဖြင့် ဆက်လက်စစ်ဆေးလျက်ရှိပြီး ရလဒ်များကို မကြာမီထုတ်ပြန်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောကြား
Published 18 August 2018

အောင်ရဲထွေးအမှုမှာ ပြည်သူများအကြားထင်ရှားသည့် အမှုဖြစ်သဖြင့် ဆက်လက်စစ်ဆေးလျက်ရှိပြီး ရလဒ်များကို မကြာမီ ထုတ်ပြန်မည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦဟန်ညွန့်က ပြောကြားသည်။

သြဂုတ် ၃ ရက်တွင် ကော်မရှင်က အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး အထက်ပါ သတင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာ ဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ယုံကြည်ရန်အကြောင်း ပေါ်ပေါက်သဖြင့် ကော်မရှင်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြုသတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းအမှုတွင် အဂတိလိုက်စားမှု ရှိ မရှိ စတင်စစ်ဆေးစုံစမ်းခဲ့ခြင်း ဖြစ်သည်။

“ဒီကိုရောက်တဲ့အမှုတွေ အားလုံးကိုတော့ ထိပ်တန်းအမှုအဖြစ်နဲ့ကို သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ အောင်ရဲထွေးအမှု ဆိုရင်လည်း ဒီထဲက တစ်ခုပေါ့။ ပြည်သူတွေက စိတ်အဝင်စားဆုံးအမှုထဲမှာလည်း ပါတာပေါ့။ ဆက်လက်စုံစမ်းနေပါတယ်။ ပြောသင့်တဲ့အချိန်မှာ အကုန်ပြောပါမယ်” ဟု ဦးဟန်ညွန့်က ပြောကြားသည်။

ကော်မရှင်အနေဖြင့် အမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် ပြည်သူများလက်လှမ်းမီသည့် လူမှုကွန်ရက်စာမျက်နှာ၊ TV၊ သတင်းစာများတွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ဦးဟန်ညွန့်က ပြောကြားသည်။

“အန်ကယ်တို့အနေနဲ့ သတင်းတစ်ခု ထုတ်တော့မယ်ဆိုရင် အဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ရပါတယ်။ အခုလောလောဆယ်တော့ မပြောနိုင်သေးပါဘူး။ အန်ကယ်တို့ ပြောပြီဆိုရင်လည်း မချွင်းမချန်ပြောပါ့မယ်” ဟု ဦးဟန်ညွန့်က ဆက်လက်ပြောကြားသည်။

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် သမ္မတအိမ်တော်၌ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ခေါ်ယူတွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ ကော်မရှင်က စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှုရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ  The One Entertainment  သို့ သူ၏ချစ်သူနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီးဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင်အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ၎င်းနှင့်အတူပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခုနစ်လခန့်အကြာတွင် တရားလိုဘက်မှ အမှုရုပ်သိမ်းသည်ဟုဆိုကာ ဖမ်းဆီးထားသူများမှာ ပြန်လည်လွတ်မြောက်အပြီးတွင် အများပြည်သူက ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည်။ ယင်းကြောင့်အမှုအား ပြန်လည်စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက် အမှုမှပြန်လွှတ်ခဲ့သူများကို ဆက်လက်စစ်ဆေးမည်ဟု ကြေညာခဲ့ပြီး ၎င်းတို့အား သြဂုတ် ၂၉ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့် ဆက်စပ်သည့်ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများ၌ တရားခံအား ကာကွယ်သည့်သဘော ရေးသားဖော်ပြခဲ့ခြင်းကြောင့် အမှုအား ပြည်သူလူထုက ပိုမိုစိတ်ဝင်စားလာခဲ့ပြီး အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ခဲ့ကြသည်။

 

Most Read

Most Recent