<

ဖားကန့်ရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်သားနှစ်ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေတောင်းခံမှုကြောင့် ရဲစည်းကမ်းဖြင့် အရေးယူ

ဖားကန့် ရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်သားနှစ်ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေတောင်းခံမှုကြောင့် ရဲစည်းကမ်းဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၉ ရက်တွင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနေ မူးယစ်ဆေးဖြင့် ကျော်ကြားသည့် နေအိမ်တစ်ခုကို ဖမ်းဆီးရာတွင် ကျော်စောသတင်းရှိသူ၏ မတ်ဖြစ်သူ ခေါ်ဆောင်ပြီး ကျပ်သိန်း ၃၅၀ ယူဆောင်မှု ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းရာတွင် အဖြစ်မှန် ပေါ်ပေါက်သဖြင့် ယခုလို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ ငွေတောင်းခံမှုကြောင့် ဖားကန့်မြို့မရဲစခန်း ဒုစခန်းမှူးနဲ့ တပ်သားအဆင့် နယ်ထိန်းနှစ်ဦးကို ထိန်းသိမ်း အရေးယူထားပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ အမှုမှန် မပေါ်ပေါက်သေးရင် စုံခုံဖွဲ့စစ်ဆေးရတယ်။ အမှုမှန်ပေါ်ရင်တော့ ချက်ချင်း သက်ချုပ်ယူရပါတယ်။ ရဲစည်းနဲ့ အရေးယူပြီး ထောင်တွေကျမယ်။ ရဲတပ်ဖွဲ့ကနေ အပြီးတိုင် ထုတ်ပစ်မှာပေါ့။ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာ အထက်ကနေ ကျမလာသေးပါဘူး”ဟုပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ကချင်ပြည်နယ် နန်းမားကျေးရွာအုပ်စုတွင် ရဲတပ်သားနှစ်ဦးက မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးထံမှ ငွေကြေးတောင်းခံမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဗန်းမော်ခရိုင်၊ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတွင် တာဝန်ကျ အရာရှိတစ်ဦးက သစ်မှောင်ခို ဖမ်းဆီးရာတွင် ပိုင်ရှင်ဖြစ်သူကို လွှတ်ပေးမှုဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်အချို့အနေဖြင့် မူးယစ်ဖမ်းဆီးရာတွင် ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးမူးယစ်ဆေးဝါး ထိမ်ချန်ခြင်း၊ တရားခံအချို့ကို လွတ်မြောက်စေခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း စသည့်အချက်များဖြင့် ၂၀၁၈ ခုနှစ်အတွင်း အရေးယူခြင်းများ ရှိနေကြောင်း သိရသည်။

 

August 16, 2018














Copy Protected by Chetan's WP-Copyprotect.