ကာကွယ်ရေးဝန်ကြီးသည် ပြည်သူက ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါက သိမ်းဆည်းခံ လယ်ယာမြေများအရေး ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လာမည်ဟု ယုံကြည်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ပြောကြား

ကာကွယ်ရေးဝန်ကြီးသည် ပြည်သူက ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါက သိမ်းဆည်းခံ လယ်ယာမြေများအရေး ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လာမည်ဟု ယုံကြည်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ပြောကြား
Published 17 August 2018

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မကွေးမြို့ ပညာရေးကောလိပ်အတွက် သိမ်းယူခဲ့သည့်မြေများ ပြန်လည်ပေးအပ်ပွဲတွင် တောင်သူများအား မြေယာလုပ်ကိုင်ခွင့် လက်မှတ်များ ပေးအပ်စဉ်

ကာကွယ်ရေးဝန်ကြီးသည် ပြည်သူက ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါက သိမ်းဆည်းခံ လယ်ယာမြေများအရေး ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လာမည်ဟု ယုံကြည်သည်ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၆ ရက် နံနက်က မကွေးမြို့နယ် မကြီးကန်ကျေးရွာ အေးစေတီကျောင်းတိုက်တွင် ပြုလုပ်သည့် မကွေးမြို့ ပညာရေး ကောလိပ်အတွက် သိမ်းဆည်းထားခဲ့ပြီး အသုံးမပြုသည့်ယာမြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ပွဲအပြီး မီဒီယာများက မကွေးတိုင်းအတွင်း သိမ်းဆည်းခံလယ်ယာမြေများ အခြေအနေကို မေးမြန်းစဉ် ဒေါက်တာအောင်မိုးညိုက အဆိုပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။

“သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ပေးရေး ဆောင်ရွက်ရာမှာ အကန့်အသတ်တွေ ရှိနေတယ်။ ဥပမာပြောရရင် မကွေးတိုင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က သိမ်းတာတွေလည်းရှိတယ်။ အများကြီးသိမ်းတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်လို့ သိမ်းတာတွေကတော့ ပြည်သူတစ်ရပ်လုံးကို ကာကွယ်ဖို့ လိုအပ်လို့သိမ်းတာကတော့ ကျွန်တော်က ဘာမှပြောစရာအကြောင်းမရှိဘူး။ သို့သော်လည်းပဲ ဒီသိမ်းတာတွေက ဧကနည်းပါတယ်။ ဧကများပါတယ်။ ဒါတွေကို အသုံးချပါတယ်။ အသုံးမချပါဘူး။ ဒါတွေကို ဖြေရှင်းတဲ့အခါမှာ ကြိုးစားရတာ အခက်အခဲလေးတွေတော့ ရှိပါတယ်” ဟု ဒေါက်တာ အောင်မိုးညိုက မီဒီယာများသို့ ပြောကြားသည်။

ဝန်ကြီးချုပ်က ဆက်လက်၍ “အကယ်၍များ ကာကွယ်ရေးဝန်ကြီးသည် ရွေးကောက်ပွဲကနေပြီး ပြည်သူကတင်မြှောက် ရွေးချယ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင် ဒီကိစ္စတွေက အများကြီးကို နားလည်မှုရှိပြီးတော့ ပိုပြီးလျင်မြန်လာမယ်လို့ ကျွန်တော်က ယုံကြည်တယ်။ ခုကတော့ ကာကွယ်ရေးဝန်ကြီးသည် ပြည်သူက ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူကို ကိုယ်စားပြုတဲ့လူမဟုတ်တော့ ဒါတွေကို လုပ်ရကိုင်ရတာတွေမှာ မနည်းကြိုးစားပြီး လုပ်နေရပါတယ်။ ဒီလောက်ပဲ ပြောလို့ရပါတယ်” ဟု ပြောကြားခဲ့သည်။

မကွေးမြို့ ပညာရေးကောလိပ်အတွက် ၁၉၉၈ ခုနှစ်က နွားကူးနှင့် သန်းတောကုန်းကျေးရွာ တောင်သူများ၏ ယာမြေဧက ၁၀၀ ခန့်ကို သိမ်းဆည်းခဲ့ကြောင်း၊ ထိုမြေများမှ အမှန်တကယ် လိုအပ်သည့်မြေ ဧက ၅၀ ခန့်ကိုချန်၍ ကျန်မြေများအား မူလပိုင်ရှင် တောင်သူများထံ ဝန်ကြီးချုပ်နှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးတို့က ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ပေးအပ်ရာတွင် ယာမြေများ ပြန်လည်ရရှိရေးအတွက် ငွေပေးရသည်ဟူသည့်ကိစ္စကိုလည်း တရားရုံးတွင် ဖြေရှင်းလျက်ရှိကြောင်း၊ ယင်းကိစ္စတွင် ဝန်ကြီးချုပ်အနေဖြင့် ငွေတစ်ပြားတစ်ချပ်မျှ ရယူထားခြင်းမရှိဟု ဝန်ကြီးချုပ်က အဆိုပါ အခမ်းအနား၌ တောင်သူများရှေ့တွင် သစ္စာပြုခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံမြေများအနက် ယခင်အစိုးရလက်ထက်က ဧက ၂၂၀၀၀ ကျော် ပြန်လည်စွန့်လွှတ်ခဲ့ကြောင်း၊ ထိုမြေများတွင် စိုက်ပျိုးမြေ ဧက ၉၃၀၀ ကျော်နှင့် အခြားမြေဧက ၁၃၀၀၀ ကျော် ပါဝင်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ပြန်လည်စွန့်လွှတ်သည့်မြေ ဧက ၃၉၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေ ဧက ၁၅၀၀ ကျော် ပါဝင်ကြောင်း၊ အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ဆည်ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။