တစ်နိုင်ငံလုံး စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ စီပိုးရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိ

တစ်နိုင်ငံလုံး စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ စီပိုးရောဂါ ဖြစ်ပွားသူ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိ
Published 28 August 2017

တစ်နိုင်ငံလုံးစစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတွင် အသည်းရောင်အသည်းဝါ ရောဂါ စီပိုးဖြစ်ပွားသူ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး အသည်းရောင်ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာဝင်းဝင်းဆွေက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သုတေသနပြုချက်အရ တစ်ကမ္ဘာလုံးတွင် အသည်း

ရောင်အသားဝါရောဂါစီပိုးဖြစ်ပွားသူ သန်း ၁၅၀ ရှိပြီး ယင်းထဲမှ နာတာရှည်ရောဂါ၊ အသည်းခြောက်ခြင်း စသည့်နောက်ဆက်တွဲ ရောဂါဖြစ်ပွားသူ သန်း ၈၀ ခန့်ရှိပြီး တစ်နှစ်လျှင် သေဆုံးသူ ၁၉ ဒသမ ၄ သန်းရှိကြောင်း သိရသည်။                                        အသည်းရောင်အသားဝါ စီပိုးဖြစ်ပွားသောအရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်နေပြီး ၂၀၃၀ တွင် အသည်းရောင် အသားဝါစီပိုးရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားရန်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“မြန်မာနိုင်ငံမှာ စီပိုးဖြစ်ပွားနှုန်းက ၂ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။ ၂၀၁၅  ခုနှစ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို နောက်ဆုံး ကောက်ထားတဲ့ စစ်တမ်း။ ဒီနှစ်လည်း ကျွန်မတို့က ဒီအတိုင်းသတ်မှတ်တယ်။ စီပိုးကြောင့် သေဆုံးလူဦးရေကိုတော့ စစ်တမ်းကောက် ထားတာမရှိပါဘူး” ဟု ဒေါက်တာဝင်းဝင်းဆွေက ပြောကြားသည်။

အသည်းရောင်အသားဝါစီပိုးသည် သွေးမှတစ်ဆင့်ကူးစက်ပြီး မသန့်ရှင်းသည့် သွေးနှင့် ထိထားသည့် ပစ္စည်းကိရိယာများ (ဥပမာ- ဆေးမှင်ကြောင်ထိုးခြင်း၊ မျက်ခုံးမွေး တက်တူးထိုးခြင်းများ)မှ အများဆုံး ကူးစက်ကြောင်း သိရသည်။

“အသည်းရောင်အသားဝါ စီပိုးကတော့ သွေးကနေတဆင့် ကူးစက်တာဖြစ်တယ်။အဲဒါကြောင့် အသည်းရောင်အသားဝါစီပိုးကို သွေးကနေတစ်ဆင့် မကူးစက်နိုင်တဲ့ပညာပေး လုပ်ငန်းတွေ လုပ်နေပါတယ်။ စီပိုးက ကာကွယ်ဆေးမရှိဘူး။ ကုသလို့ပျောက်နိုင်တဲ့ ဆေးရှိပါတယ်။ ဘီပိုးကတော့ ကာကွယ်ဆေး ရှိတဲ့အတွက် ဘီပိုးမရှိရင်တော့ ကာကွယ်ဆေး ထိုးရလို့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

အသည်းရောင်အသည်းဝါ စီပိုးကြောင့် အသည်း ခြောက်သွားသည့် လူနာများသည် အချိန်မရွေး သွေးအန်နိုင်ခြင်း၊ ရေဖျဉ်းဆွဲ ခြင်း၊ ကင်ဆာဖြစ်နိုင်ခြင်း စသည့် နောက်ဆက်တွဲရောဂါများဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနှင့်သက်ဆိုင်ရာ NGO အဖွဲ့အစည်းများ ပူးပေါင်း၍ လူဦးရေ ၂၀၀၀ ကျော်ကို စီပိုးသတ်သည့် ဆေးများတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent