တင်ဝင်းထွန်းကုမ္ပဏီက ကြက်ဆူစိုက်ခင်းအတွက် မြေဧက ၃၂၀၀ ရယူထားမှုနှင့် ပတ်သက်၍ စာချုပ်ချိုးဖောက်မှုကြောင့် သစ်တောမြေအဖြစ် ပြန်လည်သိမ်းဆည်းရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အတည်ပြု

တင်ဝင်းထွန်းကုမ္ပဏီက ကြက်ဆူစိုက်ခင်းအတွက် မြေဧက ၃၂၀၀ ရယူထားမှုနှင့် ပတ်သက်၍ စာချုပ်ချိုးဖောက်မှုကြောင့် သစ်တောမြေအဖြစ် ပြန်လည်သိမ်းဆည်းရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အတည်ပြု
Published 15 August 2018

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ပေါက်အင်းတောင်ဒေသတွင် တင်ဝင်းထွန်း ကုမ္ပဏီက ကြက်ဆူစိုက်ခင်းအတွက် မြေဧက ၃၂၀၀ ရယူထားမှုနှင့် ပတ်သက်၍ စာချုပ်ချိုးဖောက်နေမှုကြောင့် သစ်တောမြေအဖြစ် ပြန်လည်သိမ်းဆည်းရန် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့ကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးရှိခဲ့ကြောင်း၊ ယင်းအဆိုကို ကန့်ကွက်သည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မရှိခြင်းကြောင့် အဆိုကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

“တရားစွဲခံထားတဲ့ တောင်သူ ၆၂ ဦး လွတ်မြောက်ဖို့ပေါ့နော်။ ဒီဒေသဟာ တောင်သူပေါင်း ၃၀၀၀ ကျော်လောက် ရှိနေတယ်။ အစိုးရ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ရှိနေတယ်။ နောက်ပြီးတော့ သစ်ပင်သစ်တော ဆိုတာလည်း မရှိတော့ဘူး။ အိမ်ခြေ ၅၀ နဲ့ အထက်ရှိတဲ့နေရာကို ကျွန်တော်တို့က ကျေးရွာတည်ဆောက်ခွင့် ရရှိအောင် လုပ်ဆောင်သွားမယ်” ဟု ယင်းအဆို တင်သွင်းခဲ့သူ ကနီမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဆိုပါနေရာအား သီးနှံသစ်တော ရောနှောစိုက်ခင်း ထူထောင်ရန်၊ တင်ပြလာသည့် တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ထူထောင်လိုခြင်း မရှိသူများကို သစ်တောဥပဒေနှင့်အညီ ဆောင်ရွက်ရန်အတွက် စာဖြင့်အကြောင်းပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ ကနီမြို့နယ် ပေါက်အင်းတောင်ဒေသတွင် တင်ဝင်းထွန်း ကုမ္ပဏီက အမှန်တကယ် စိုက်ပျိုးထားသည့် မြေ ၂၁၃ ဧကကို ပြန်လည်တိုင်းတာပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆိုသည်။

“တောင်သူတွေက သဘောတူတဲ့အတွက် တိုင်းတာခဲ့တာမျိုး မရှိပါဘူး။ ကျန်တဲ့ ၄ ဒသမ ၇၅ ဧကမှာ အသုံးမပြုတော့တဲ့ အတွက် ရဟတ်ယာဉ်ကွင်းနဲ့ ကျူးကျော်နေတဲ့ ဘောလုံးကွင်း နေရာအဖြစ် သတ်မှတ်ထားပါတယ်။ ကနီမြို့နယ် သစ်တောသီးစီးဌာန မြို့နယ်တာဝန်ခံက အငြင်းပွားမှုများ ဖြစ်ပေါ်နေတဲ့ တိုင်းတာရန် ကျန်ရှိနေတဲ့ ၂၂ ဧကကို ထပ်မံကွင်းဆင်း စစ်ဆေးရာမှာ ကုမ္ပဏီပိုင် သရက်နဲ့ ယာသမားရဲ့ သရက်ပင်တွေ ရောနှောနေတဲ့ မြေဧက နှစ်ဧကမှ လွဲပြီးတော့ ကျန်နေရာတွေကို ယာခင်းအဖြစ် တွေ့ရပါတယ်” ဟု ဦးကမ်ဇာမုံက ပြောကြားသည်။

ကနီမြို့နယ် ပေါက်အင်းတောင်ဒေသတွင် တင်ဝင်းထွန်းကုမ္ပဏီက ကြက်ဆူစိုက်ခင်းအတွက် မြေဧက ၃၂၀၀ ကို သစ်တောဦးစီးဌာနနှင့် နှစ် ၃၀ စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ယင်းစာချုပ်ကို တင်ဝင်းထွန်း ကုမ္ပဏီဘက်က စာချုပ်ပါ စည်းကမ်းချက်များအား ချိုးဖောက်နေသည့်အတွက် အဆိုပါ စာချုပ်ကိုလည်း ပြန်လည် ပယ်ဖျက်မည် ဖြစ်ကြောင်း သိရသည်။