နာဂဒေသရှိ တောင်ကျချောင်းများတွင် တံတားမရှိခြင်းကြောင့် သက်စွန့်ဆံဖျား သွားလာနေကြရ

နာဂဒေသရှိ တောင်ကျချောင်းများတွင် တံတားမရှိခြင်းကြောင့် သက်စွန့်ဆံဖျား သွားလာနေကြရ
Published 15 August 2018

နာဂဒေသတွင်ရှိသော တောင်ကျချောင်းများတွင် ခိုင်ခန့်သော တံတားမရှိခြင်း၊ တံတားလုံး၀ မရှိခြင်းတို့ကြောင့် ဒေသခံများ အနေဖြင့် တစ်ရွာနှင့်တစ်ရွာ သွားလာကြရာတွင် သက်စွန့်ဆံဖျား သွားလာနေကြရသည်ဟု သိရသည်။

“ကျွန်တော်တို့ တောင်ပေါ်ဒေသမှာတော့ ချောင်းတွေက တော်တော်များတယ်။ အောက်ပိုင်းမှာ မူးမြစ်လို အရွယ်အစားတွေရော၊ အဲဒီထက်ကြီးတဲ့ ဟာတွေရော တော်တော်ကြီးတော့ ရွာတွေကလည်း ဒီချောင်းတွေကို ဖြတ်ပြီးသွားလာတဲ့ အခါမှာ တံတားတွေပြီးအောင်လည်း မဆောက်ပေးနိုင်လို့ မိုးတွင်းရောက်ရင်တော့ သွားရေးလာရေးက နွေရာသီထက် ပိုခက်ခဲပါတယ်။ အစိုးရကတော့ ဆောက်တော့ ဆောက်နေတယ်။ အစိုးရက သွားနေတဲ့ဟာကတော့ ဘေလီတံတားတို့၊ ကွန်ကရစ်တံတားတို့ ဆောက်တာပေါ့။  တချို့နေရာတွေကျလည်း ကြိုးတံတားလေးတွေ ဆောက်တာတော့ရှိပါတယ်။ အရေအတွက် ပမာဏ လိုအပ်ချက်က တအားများတဲ့ အခါကျတော့ အစိုးရကလည်း လေးငါးနှစ် အတွင်းမှာ အားလုံးပြည့်စုံအောင် လုပ်မပေးနိုင်သေးတာ အမှန်ပါပဲ။ အခု ကြိုးတံတား ပျက်တဲ့ဟာတွေနဲ့ ကြိုးတံတားပေါ်မှာ အန္တရာယ်ရှိရှိနဲ့ သွားလာနေကြတဲ့ ပုံတွေကိုလိုင်းပေါ်မှာ မြင်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဦးနုလက်ထက်ကတည်းက ကြိုးတွေလို့ ပြောပါတယ်။ ဒေသနည်းဒေသဟန်နဲ့ ရွာသားတွေက ဆောက်ထားတဲ့ တံတားတွေ ဒါတွေကို နှစ်စဉ်နှစ်တိုင်း ပြုပြင်ပေးမယ့် သံကြိုးတွေက ကြာလာတာက တစ်ကြောင်း၊ နည်းပညာတွေ မပါတာက တစ်ကြောင်း၊ အမာခံကွန်က ရစ်တိုင်တွေ မလောင်းဘဲနဲ့ သစ်ပင်တွေနဲ့ချည်ပြီး ကြိုးတံတား ဆောက်ထားတဲ့အခါ ရေလှိမ့်ကျလာတဲ့ အခါကျတော့ ကြိုးတံတားတွေက ပြန်ပြန်ပါသွားတဲ့ ဟာတွေရှိတယ်။ လောလောဆယ် သွားရေးလာရေး တအားခက်တဲ့ ချောင်းကတော့ နမ့်ဖုတ်ချောင်းပေါ့။ ဒီချောင်းက ပေ ၄၀၀၊ ၅၀၀။ အဲဒီလောက်ဝန်းကျင်မှာ ရှိတယ်။ ဖြတ်သန်းရတဲ့ အနေအထားက နမ့်ဖုတ်ချောင်းချည်းပဲ ငါးနေရာလောက် ဖြတ်သန်းရတယ်။ ဆိုတော့ နမ့်ဖုတ်ချောင်းကို ဖြတ်သန်းပြီးတော့ ကြိုးတံတား တစ်စင်းမှကို မဆောက်နိုင်သေးတဲ့ အနေအထားမှာရှိတယ်။ နောက်ထပ် ကျန်တဲ့ချောင်းတွေလည်း ရှိပါတယ်။ လဟယ်မြို့နယ် ပတ်လည်မှာ အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်၊ တောင်ဘက်ခြမ်းတွေရောပေါ့။ လောလောဆယ် ကျွန်တော်တို့ ဆောက်နိုင်ရင်လည်း ကားလမ်းပေါက်နိုင်တဲ့ နေရာတွေလောက်ပဲ ဆောက်နိုင်သေးတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ကားလမ်းမပေါက်သေးတဲ့ နေရာလူသွားလူလာ ခက်ခဲတဲ့နေရာ အခုကျောင်းဖွင့်ရာသီ ရောက်လာတဲ့အခါ ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေ သွားရတဲ့အခါ အခက်ကြုံရပါတယ်။ အန္တရာယ်လည်း အင်မတန်ကြီးပါတယ်။ တချို့ရွာတွေက ကျန်းမာရေး တစ်ခုခုဖြစ်လို့ ဖျားလို့ နာလို့ လူတွေ အစုလိုက် အပြုံလိုက် သေတာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖြစ်ပါတယ်” ဟု လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က ဆိုသည်။

လဟယ်မြို့နယ် အတွင်းရှိ နမ့်ဖုတ်ချောင်းသည် လဟယ်မြို့ မြောက်ဘက်မှ အရှေ့ဘက်သို့ ကွေ့ပတ်စီးဆင်းပြီး ခန္တီးမြို့အထက်ဘက်မှ ချင်းတွင်းမြစ်အတွင်း စီးဝင်သော ချင်းတွင်းမြစ်၏ အဓိက ချောင်းလက်တက်ကြီးတစ်ခု ဖြစ်သည်ဟု သိရသည်။

အဆိုပါချောင်းသည် လဟယ်မြို့နယ်အတွင်း ငါးနေရာခန့် ဖြတ်သန်းသွားလာကြရပြီး ကျေးရွာပေါင်း ၄၀၊ ၅၀ ခန့်က ချောင်းကို  ဖြတ်သန်းသွားလာ နေကြရသည်ဟု သိရသည်။

နမ့်ဖုတ်ချောင်းကို နွေရာသီတွင် ရေစီးမသန်သောကြောင့် ဝါးဖောင်များ ပြုလုပ်ဖြတ်သန်းရသည်မှာ အဆင်ပြေပြီး နာဂဒေသတွင် မိုးစတင်ရွာသွန်းလာသည့် မေ၊ ဇွန် မှစ၍ ချောင်းရေသည် ကြိုးတံတားများ ပါသည်အထိ မျောပါလေ့ရှိသောကြောင့် သွားလာရခက်ခဲသည်ဟု သိရသည်။

“အွန်လိုင်းမှာ ပျံ့နေတဲ့ ဗွီဒီယိုဖိုင်က ဇွန် ၁၃ ရက် မိုးအကြီးအကျယ် ရွာပြီးတော့ ဖြစ်သွားတဲ့ အနေအထားပါ။ အဲဒီတံတားကခါး လယ်ရွာကနေပြီးတော့ မကော်ရီရွာရယ်၊ တွီလောရယ်၊ ဝမ်သုန်၊ ရယ်ဆိုတာရှိတယ်။ ခါးလယ်ဆိုတာ အုပ်စုရွာကြီးပါ။ ကျွန်တော်တို့က နှစ်အလိုက် စီမံကိန်းရေးဆွဲပေမယ့်လည်း နှစ်အလိုက် ဘဏ္ဍာရေးက နည်းပါးတော့ လိုအပ်ချက်ကို အလျင်မီအောင် ဖြည့်ဆည်း မပေးနိုင်ပါဘူး။ ဖြစ်နိုင်ရင်တော့ တံတားကြီး မဆောက်ခင် စက်လှေသမ္ဗန်လေးတွေ လုပ်ထားရင်တော့ ၁၀ သိန်းကျော်ကျော်၊ ၁၅ သိန်း အကုန်အကျခံပြီးတော့ စက်လှေလေးတွေနဲ့ လုပ်မယ်ဆိုရင်တော့ ရွာကလူတွေက မောင်းပြီးတော့ ဟိုဘက်ဒီဘက် ကူးကြပြီး သွားရေးလာရေး အဆင်ပြေတာပေါ့။ ဒါက လတ်တလောအတွက်ပါ။ ရေရှည်အတွက်ကတော့ တံတားမဖြစ်မနေ ဆောက်ရမှာပါပဲ။ တံတားလှူပေးမယ့် ဆက်သွယ်လာမယ် ဆိုတာတော့ မရှိဘူး။ ဆက်သွယ်လာမယ် ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ လတ်တလော လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ဖို့ရှိပါတယ်။ တောင်ကျချောင်းတွေနဲ့ ပတ်သက်ပြီးပြောရမယ် ဆိုရင်တော့ အရင်တုန်းကတော့ ကြိုးတွေပေးပြီးတော့ ရွာသားတွေက ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆောက်ကြရတာပေါ့။ ဒါပေမဲ့ ရေရှည်မခံပါဘူး။ ကွန်ကရစ်တိုင်လေးနဲ့ လေးငါးပေအကျယ်လောက်နဲ့ ဆိုင်ကယ်သွားလို့ရမယ့် ကြိုးတံတားလေးတွေ လုပ်ပေးမယ် ဆိုရင်တော့ ဒေသတွင်း သွားရေးလာရေးက မြန်ဆန်လာပြီး လုံလုံခြုံခြုံ သွားနိုင်တာပေါ့” ဟု ဦးမောင်ကယ်က ဆက်လက်ပြောကြားသည်။