မုတ်သုံလေအား အလွန်ကောင်းနေခြင်းနှင့် လကွယ် ရေတက်ရက် တိုက်ဆိုင်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့၏ မြို့နယ်အများစု၌ ထူးကဲဒီရေ တက်ရာတွင် လူနေရပ်ကွက်များအတွင်းထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်

မုတ်သုံလေအား အလွန်ကောင်းနေခြင်းနှင့် လကွယ် ရေတက်ရက် တိုက်ဆိုင်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့၏ မြို့နယ်အများစု၌ ထူးကဲဒီရေ တက်ရာတွင် လူနေရပ်ကွက်များအတွင်းထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်
Published 13 August 2018

မုတ်သုံလေအား အလွန်ကာင်းနေသဖြင့် မိုးများစွာ ရွာသွန်းနေခြင်း၊ ပင်လယ်ပြင်တွင် လှိုင်းများ ထန်နေခြင်းများနှင့် လကွယ် ရေတက်ရက် တိုက်ဆိုင်ခဲ့ခြင်းကြောင့် ရန်ကုန်မြို့၏ မြို့နယ်အများစု၌ ထူးကဲဒီရေ တက်ရာတွင် လူနေရပ်ကွက်များအတွင်းထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က သြဂုတ် ၁၀ ရက်မှ ၁၆ ရက်နေ့ထိ ရန်ကုန်မြို့၌ ထူးကဲဒီရေတက်နိုင်သည်ဟု ထုတ်ပြန်ထားပြီး သြဂုတ် ၁၂ ရက် ညနေ ၄ နာရီမှ စတင်ကာ  ယင်းသို့ ထူးကဲဒီရေတက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ စသည့် မြို့နယ်အများစု၌ လူနေရပ်ကွက်များအတွင်းရှိ နေအိမ်များ အထဲထိ မြစ်ရေ၊ ချောင်းရေ ရေတက်ခြင်းများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ထူးကဲ ဒီရေတက်ရာတွင် လူနေရပ်ကွက်များအတွင်းထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းမှာ မုတ်သုံလေအား အလွန်ကောင်းလွန်ကောင်းနေသဖြင့် မိုးများစွာ ရွာသွန်းနေခြင်း၊ ပင်လယ်ပြင်တွင် လှိုင်းများထန်နေခြင်းများနှင့် လကွယ်ရေတက်ရက် တိုက်ဆိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး၏ ပြောကြားမှုအရ သိရသည်။

“ကျွန်တော်တို့ မိုးဇလကတော့ ထူးကဲဒီရေတက်တာနဲ့ ပတ်သတ်ပြီးတော့ Monitoring မလုပ်ဘူးပေါ့။ ဒါပေမယ့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ကတော့  သြဂုတ် ၁၀ ရက်မှ ၁၆ ရက်နေ့ထိ ထူးကဲဒီရေတက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ဒီနေ့ ရပ်ကွက်တွေထဲထိ ရေတွေကြီးတာက မုတ်သုံလေအား အလွန်ကောင်းနေတော့ မိုးများနေတာရယ်၊ ပင်လယ်ပြင်မှာလည်း လှိုင်းတွေရှိနေတာရယ်၊ နောက် လပြည့်လကွယ် ရေတက်ရက် တိုက်ဆိုင်သွားတာရယ်ကြောင့် နည်းနည်းဆိုးသွားတာပေါ့'' ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် ထူးကဲဒီရေတက်ရာမှ ရန်ကုန်မြို့တွင်လူနေရပ်ကွက်များအတွင်းထိ ဆိုးရွားစွာ ရေကြီးခဲ့ခြင်းကြောင့် ဈေးဆိုင်အချို့ ခေတ္တ ပိတ်ခဲ့ခြင်း၊ လမ်းများအတွင်း သွားလာရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပြီး ရေတက်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

'' ညနေ လေးနာရီလောက်ထဲက ရေစတက်တာ။ အစ်မ ဖွင့်ထားတာ လက်ဖက်ရည်ဆိုင်ထဲထိ ရေတွေဝင်လာလို့ ဆိုင်ခဏ ပိတ်လိုက်ရတယ်။ ရပ်ကွက်ထဲမှာလည်း ရေတွေလျှံကုန်တော့ သွားလာရ ခက်ခဲကုန်တယ်။'' ဟု ဒေါပုံမြို့နယ်မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

သြဂုတ် ၁၂ ရက် ညနေလေးနာရီခန့်မှ စတင်ကာ ရန်ကုန်မြို့ရှိ လှိုင်မြစ်၊ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်း စသည့် မြစ်ချောင်းများ၌ ညနေ ငါးနာရီခွဲကျော်ထိ ထူးကဲဒီရေတက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရေများ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရကာ အဆိုပါ ထူးကဲဒီရေတက်မှုသည် သြဂုတ် ၁၆ရက်နေ့ထိ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 

Most Read

Most Recent