ဆင်များသတ်ပြီး အစွယ်နှင့် အရေခွံ ရောင်းချသည့်အဖွဲ့မှ လွတ်မြောက်နေသူ တစ်ဦးအား ရှမ်းပြည်နယ်၌ ဖမ်းဆီးရမိ

ဆင်များသတ်ပြီး အစွယ်နှင့် အရေခွံ ရောင်းချသည့်အဖွဲ့မှ လွတ်မြောက်နေသူ တစ်ဦးအား ရှမ်းပြည်နယ်၌ ဖမ်းဆီးရမိ
Published 12 August 2018

ပြစ်မှုကျူးလွန်သူ မောင်ရွှေ (ခ) ရွှေမောင်နှင့် သက်သေခံပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)

လှည်းကူးမြို့နယ်အတွင်း ဆင်များကိုသတ်၍ အစွယ်နှင့် အရေခွံများ ရောင်းချခဲ့သည့်အဖွဲ့မှ လွတ်မြောက်နေသူ တစ်ဦးအား ရှမ်းပြည်နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိသူမှာ မောင်ရွှေ(ခ)ရွှေမောင်ဖြစ်ပြီး ၎င်းမှာ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၌ ကျောက်တူးသည့် အလုပ်လုပ်ကိုင်နေကြောင်း သိရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ သြဂုတ် ၇ ရက်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မယ်ဟန်အုပ်စု၊ ခါးသျှိုကျေးရွာ၊ လားရှိုးတန့်ယန်းလမ်းမပေါ်ရှိ ဆောက်လုပ်ရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။

မောင်ရွှေ(ခ)ရွှေမောင်မှာ ဧပြီ ၁၁ ရက်တွင် လှည်းကူးမြို့နယ်၊ ကလီထော်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၈)၊ မောင်ချောင်းဖျား၊ သစ်ငုတ်တိုအတွင်း၌ တောဆင်ရိုင်းတစ်ကောင်အား ကျော်ဝင်းနှင့် စိန်ဝင်းတို့နှင့်အတူ သတ်ဖြတ်ခဲ့သည့်အမှုမှ လွတ်မြောက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မောင်ရွှေ(ခ)ရွှေမောင်မှာ အခြားလူ ခုနစ်ဦးနှင့်အတူ  ၂၀၁၈ ခုနှစ် မတ်လအတွင်းက လှည်းကူးမြို့နယ်၊ ပေါင်းလင်းသစ်တောကြိုးဝိုင်းအတွင်း ဆင်ထီးတစ်ကောင်ကိုသတ်ပြီး အရေခွံနှင့်အစွယ် ရောင်းချခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လအတွင်းက လှည်းကူးမြို့နယ်၊ ကြိမ်မှန်မြှောင် အတွင်းရှိ ဆင်မတစ်ကောင်အား တူမီးသေနတ်ဖြင့် ပစ်သတ်ပြီး အရေခွံနှင့်အစွယ် ရောင်းချခဲ့ကြောင်း သိရသည်။

အလားတူ ၎င်းတို့မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းက လှည်းကူးမြို့နယ်၊ မရမ်းချောင်အုပ်စု၊ သဲကောချောင်းအတွင်း ဆင်ထီးတစ်ကောင် တူမီးသေနတ် အသုံးပြု၍ သတ်ခဲ့ပြီး ဆင်စွယ်နှင့် အရေခွံအား ရောင်းချခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်းကလည်း လှည်းကူးမြို့နယ်၊ သဲကောချောင်းနှင့် ဝါးဒလက်ချောင်းဆုံ အနီးရှိ ဆင်မတစ်ကောင်အား တူမီးသေနတ် အသုံးပြု၍ သတ်ခဲ့ပြီး အရေခွံနှင့်အစွယ်တို့ ရောင်းချခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် တူမီးသေနတ်နှင့် ယမ်းများအား လှည်းကူးမြို့နယ်၊ ရေနက်ကြီးကျေးရွာရှိ မောင်ရွှေ(ခ)ရွှေမောင်၏ နေအိမ်၌ ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေး ပေါ်ပေါက်ချက်များအရ ဖောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည့် တောရိုင်းတိရစ္ဆာန်ပုဒ်မ ၃၇ (က) အမှု လေးမှုအား ဖော်ထုတ်ရရှိခဲ့ပြီး မောင်ရွှေ (ခ) ရွှေမောင်ကို ဖောင်ကြီးနယ်မြေရဲစခန်းတွင် လက်နက်များအက်ဥပဒေ ပုဒ်မဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သိရသည်။