လှည်းတန်းခုံးကျော်တံတား ဝန်းကျင်တွင် အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူ လူကြီး၊ ကလေး ၄၂ ဦးအား ထိန်းသိမ်း

လှည်းတန်းခုံးကျော်တံတား ဝန်းကျင်တွင် အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူ လူကြီး၊ ကလေး ၄၂ ဦးအား ထိန်းသိမ်း
Published 12 August 2018

လှည်းတန်းခုံးကျော်တံတား ဝန်းကျင်တွင် အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူတို့အား ထိန်းသိမ်းစဉ် (ဓာတ်ပုံ - Ko Myint Facebook)

ကမာရွတ်မြို့နယ် ပြည်လမ်း လှည်းတန်းခုံးကျော်တံတား ဝန်းကျင်တွင် အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူ လူကြီး၊ ကလေး ၄၂ ဦးအား သြဂုတ် ၁၁ ရက်တွင် ထိန်းသိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်က ပြောကြားသည်။

“ဒီကလေးတွေရဲ့ အနာဂတ်အတွက် သက်ဆိုင်ရာကနေ ပြုစုပျိုးထောင်ပေးဖို့ လိုတယ်။ ပြီးတော့ ဒီအလေ့အထက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် ကြည့်မကောင်းဘူး။ ဒီလိုအလေ့အထမျိုးကို ထပ်ပြီးတော့ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးက စိတ်ကောင်း စေတနာကောင်းတော့ ဒုက္ခရောက်တဲ့ ဘယ်သူမဆို ကူညီတတ်တဲ့ အလေ့အထရှိတယ်။ အဲဒီအလေ့အထတွေပေါ်မှာ ကိုယ့်ရဲ့အကျိုးအတွက် လွဲမှားစွာ အသုံးချနေတာရှိတယ်။ အဲဒီလိုအရာတွေကို အားမပေးဖို့လိုတယ်။ အဲဒါမှလည်း ဟန့်တားနိုင်မှာဖြစ်တယ်။ ကမာရွတ်မှာ ပြီးသွားပေမဲ့ အခြားမြို့နယ်ကို ရွှေ့မယ်ဆိုရင်လည်း ခွက်တစ်လုံးနဲ့ သနားစရာ အပြုအမူလုပ်ပြီး ရှာဖွေကြမှာ။ မိခင်နဲ့ကလေး ပုံစံလုပ်ပြီး ရှာဖွေကြမှာ။ ပြဿနာက ဒီလိုတောင်းတဲ့ဟာက အရေးယူဖို့ကျတော့ ခက်တယ်။ လုတာ၊ ယက်တာ၊ ခိုးတာ မဟုတ်တဲ့အတွက်ကြောင့် လူမှုရေး အသိပညာပေး ဆက်လုပ်ဖို့ပဲလိုတယ်” ဟု ဦးလင်းနိုင်မြင့်က ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူများ၏ နောက်ကွယ်တွင် စေခိုင်းသူများ ရှိနေပါက စေခိုင်းသူများကို ဥပဒေအရ အရေးယူရန် လိုအပ်ကြောင်း၊ သို့မှသာ အခက်အခဲကြောင့် တောင်းရမ်းသူနှင့် အခက်အခဲမရှိဘဲ စီးပွားဖြစ်တောင်းသူများကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း ဦးလင်းနိုင်မြင့်က ဆက်လက်ပြောကြားသည်။

“ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတော့ ဒါကိုဖြေရှင်းဆောင်ရွက်တာ ဖြစ်တယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရတာ။ ဘာဖြစ်လို့လဲဆိုတော့ ခိုး၊ ဆိုး၊ လုယက်တဲ့ကိစ္စ မဟုတ်တဲ့အတွက်ကြောင့် လုပ်ရတာတွေက သိမ်မွေ့စွာ ဆောင်ရွက်ရတယ်။ ထိန်းသိမ်းထားတဲ့ သူတွေကိုတော့ သက်ဆိုင်ရာ လူကယ်ပြန်နဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်။ အခုလက်ရှိတော့ ထိန်းသိမ်းထားတဲ့သူတွေကို ကိုယ်ရေးအချက်အလက်တွေ ယူမယ်။ ပထမပြောသလိုပဲ ခိုကိုးရာမဲ့ တောင်းစားသူရှိသလို စီးပွားဖြစ် တောင်းစားတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့က ဖြေရှင်းရခက်နေတယ်” ဟု ဦးလင်းနိုင်မြင့်က ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတား အနီးတွင် အခြေအနေမဲ့ တောင်းရမ်းစားသောက်ခြင်း၊ ဈေးရောင်းချနေသည့် ကလေးငယ်များကို စာသင်ကြားပေးခြင်း၊ အချို့ကလေးငယ်များကို ကျောင်းများပို့ကာ ပညာသင်ကြားမှုများ ပြုလုပ်သော်လည်း ကလေးငယ်များကို အုပ်ထိန်းသူများက ပြန်လည်ခေါ်ယူကာ မူလအတိုင်း လုပ်ကိုင်ခိုင်းစေမှုများ ရှိနေကြောင်း လှည်းတန်း ခုံးကျော်တံတားအောက်တွင် ပညာဒါနပေးနေသည့် ကိုဖိုးဇော်က ပြောကြားသည်။

“အရင်ကတည်းက လမ်းပေါ်ရောက် ကလေးတွေကို ရှာဖွေပြီးတော့ စာသင်ဝိုင်းလေးတွေ လုပ်ပေးတယ်။ တချို့ကလေးတွေကိုတော့ စာသင်ကျောင်းတွေကို ခေါ်ထားတယ်။ ဒါပေမဲ့ ထွက်ပြေးကြတယ်။ တချို့ ကလေးတွေကိုတော့ သူတို့အဆက်အသွယ်တွေနဲ့ ပြန်လာခေါ်သွားကြတဲ့ အခြေအနေတွေရှိတယ်” ဟု ကိုဖိုးဇော်က ပြောကြားသည်။

အဆိုပါ ရှင်းလင်းထိန်းသိမ်းမှုအား ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ စည်ပင်၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူ အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦး၊ ကလေး ကျားမဦးရေ ၃၀ အား ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား စည်ပင်သာယာ ရဲတပ်ဖွဲ့က လူမှုဝန်ထမ်း ဦးစီးဌာနသို့ ဥပဒေနှင့်အညီ ဆက်လက် လွှဲပြောင်းမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent