တရုတ်ယွမ်ငွေ ဈေးကျဆင်းမှုကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်များ မူဆယ်ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်သို့တင်ပို့ရာတွင် အမြတ်အစွန်းနည်းနေဟုဆို

တရုတ်ယွမ်ငွေ ဈေးကျဆင်းမှုကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်များ မူဆယ်ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်သို့တင်ပို့ရာတွင် အမြတ်အစွန်းနည်းနေဟုဆို
Published 11 August 2018

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်

ကမ္ဘာ့ငွေကြေးဈေးကွက်တွင် တရုတ်ယွမ်ငွေဈေး ကျဆင်းမှုကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ဆန်များ မူဆယ်ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အမြတ်အစွန်းနည်း နေကြောင်း  မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တာဝန်ခံ၊ ညွှန်ကြားရေးမှူးဦးတင်ရဲဝင်းက ပြောကြားသည်။

“ငွေလဲလှယ်နှုန်းအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့နိုင်ငံက ရောင်းချတဲ့ ဆန်စပါးအမျိုးအစားပေါ်မူတည်ပြီး ကိုက်ခြင်းမကိုက်ခြင်းက အဖြေတစ်ခုဖြစ်ပါတယ်။ ဥပမာအားဖြင့် ဧရာဝတီ၊ ရန်ကုန်လိုနေရာမျိုးက သယ်လာတဲ့ ဆန်စပါးသည်  သယ်ယူပို့ဆောင်ရေး စရိတ်များလာရင် မကိုက်ဘူး။ မကွေး၊ ရွှေဘို ဘက်က သယ်လာတဲ့ဆန်မျိုးကတော့ သယ်ယူပို့ဆောင်စရိတ်နည်းတဲ့အတွက် ပိုပြီးကိုက်ပါတယ်။ ဒါက သက်ဆိုင်ရာကုန်သည်များက သယ်ယူလာတဲ့လမ်းကြောင်းနဲ့ သူတို့ရဲ့ ကုန်ကျစရိတ်ပေါ်မူတည်ပြီးတော့ ကွဲနိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် အပြောင်းအလဲ ဖြစ်ပေါ်နေသောငွေဈေးနှုန်းနှင့် ဆန်စပါးဈေးနှုန်းများကို လေ့လာတွက်ချက်မှုများ အစဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဧပြီနဲ့မေလမှာရှိတဲ့ ဆန်စပါးဈေးနဲ့ လက်ရှိငွေလဲလှယ်နှုန်းနဲ့ ဆန်ဈေးနှုန်းများကို Analysis လုပ်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိမူဆယ်ကုန်စည်ဒိုင်တွင် ဆန်အရောင်းအဝယ်ဖြစ်မှုပမာဏသည် နေ့စဉ်ဆန် ကားအရေအတွက်ရာဂဏန်းနှင့်ချီကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုစလုံးမှ တင်ပို့နေခြင်းဖြစ်ပြီး နယ်စပ်တင်ပို့မှုပမာဏသည် စုစုပေါင်းတင်ပို့မှု၏ ထက်ဝက်ကျော်ပမာဏရှိ သည်။ ယင်းသို့ နယ်စပ်မှဆန်တင်ပို့ရာ၌ အများစုမှာ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင် ၂၇ ရက်အထိ ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မှု တန်ချိန် ၈ ဒသမ ၀၂ သိန်းကျော် (၈၀၂၂၁၂ ဒသမ ၅၇ တန်) ရှိပြီး တန်ဖိုးဒေါ်လာ ၂၇၇ သန်းကျော် (ဒေါ်လာ ၂၇၇ ဒသမ ၇၇၅ သန်း) ရရှိခဲ့ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် လေးလနီးပါးကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃၅၈၁၇၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၄၄၄၀၁၄ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သစ်များတိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်းဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

မြန်မာ့ဆန်စပါးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့် သုံးနှစ်အတွင်း ဆန်တန်ချိန် လေးသန်းအထိ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အထိရရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

 

Most Read

Most Recent