ရပ်တည်ရန် မလွယ်ကူသဖြင့် စက်ရုံပိတ်သိမ်းမည်ဟု ကြေညာထားသော အုတ်ကျင်းဂုံနီစက်ရုံတွင် ဝန်ထမ်းများကို သုံးလအလုပ်ဆက်ခန့်မည်ဟု သိရ

ရပ်တည်ရန် မလွယ်ကူသဖြင့် စက်ရုံပိတ်သိမ်းမည်ဟု ကြေညာထားသော အုတ်ကျင်းဂုံနီစက်ရုံတွင် ဝန်ထမ်းများကို သုံးလအလုပ်ဆက်ခန့်မည်ဟု သိရ
Published 10 August 2018

အုတ်ကျင်းဂုန်နီစက်ရုံသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် သွားရောက်ခဲ့သည်ကို သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးဖြိုးမင်းသိန်း Facebook)

ရပ်တည်ရန် မလွယ်ကူသဖြင့် စက်ရုံပိတ်သိမ်းမည်ဟု ကြေညာထားသော အုတ်ကျင်းဂုန်နီစက်ရုံတွင် ဝန်ထမ်းများကို သုံးလအလုပ်ဆက်ခန့်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ အုတ်ကျင်းဂုန်နီစက်ရုံရှိ နိုင်ငံ့ဝန်ထမ်းဟောင်း ၅၀၀ ခန့်အား သုံးလအလုပ်ခန့်ပြီးသွားပါက အခြားလုပ်ငန်းအသစ်များတွင် လုပ်ကိုင်နိုင်ရန် ကြိုးစားပေးမည်ဖြစ်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အုတ်ကျင်း ဂုန်နီစက်ရုံအား လုပ်ပိုင်ခွင့်ရထားသည့် ကျော်ထက်ကျော်ကုမ္ပဏီမှ တာဝန်ရှိသူများတွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြေလည်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ရှင်ဘက်က သူ့အခက်အခဲတွေ တင်ပြတယ်။ ဝန်ကြီးချုပ်က ဒီဘက်က နားထောင်ပြီးတော့ အလုပ်သမားတွေကို သွားတွေ့တယ်။ တွေ့တော့ အလုပ်သမားတွေဘက်က သူတို့ခံစားချက်တွေကို ပြောတယ်။ ဝန်ကြီးချုပ်က ဒီအလုပ်သမားတွေကို မဖြုတ်ဘဲနဲ့ လောလောဆယ် သုံးလဆက်ပြီးခန့်မယ်။ ခန့်ထားပြီးရင် လုပ်ငန်းအသစ်လုပ်နိုင်အောင် ဝိုင်းကြိုးစားပေးမယ်။ အဲဒီနေရာက ကျယ်တော့နေရာနဲ့ လိုက်ဖက်မယ့်လုပ်ငန်းတွေ လုပ်နိုင်အောင်၊ အလုပ်သမားတွေအလုပ် ပြန်လည်ရရှိနိုင်ဖို့ ဝိုင်းဝန်းကူညီမယ်တဲ့။ နောက်တစ်လခွဲ နှစ်လနေရင် ဝန်ကြီး ဦးဇော်အေးမောင်နဲ့ ငါတို့သွားပြန်ကြည့်မယ်။ ဒီသုံးလမှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တာပေါ့ကွာ” ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ၁၄ ရပ်ကွက်အတွင်းရှိ ကျော်ထက်ကျော်ကုမ္ပဏီ အုတ်ကျင်းဂုန်နီစက်ရုံ၏ ဒါရိုက်တာအဖွဲ့က စက်ရုံအလုပ်သမားများကို အစည်းအဝေးခေါ်၍ သြဂုတ် ၉ ရက်မှ စတင်ကာ စက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် ယင်းစက်ရုံ၌ ပုဂ္ဂလိကဝန်ထမ်းအဖြစ်သို့ ပြောင်းလဲလိုက်သော နိုင်ငံ့ဝန်ထမ်း ၅၀၀ ခန့်ကို လုပ်သက်နစ်နာ ကြေးများပေး၍ အလုပ်မှထုတ်ပယ်မည်ဖြစ်ကြောင်း ဇူလိုင်၂၆ ရက်က ကြေညာခဲ့သည်။

ယင်းသို့ ကုမ္ပဏီဘက်က ကြေညာခဲ့သဖြင့် ဝန်ထမ်းများက ကျေနပ်မှုမရှိသဖြင့် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ရှိ တာဝန်ရှိသူများထံ အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

အဆိုပါ စက်ရုံပိတ်သိမ်းမည့် အုတ်ကျင်းဂုံနီစက်ရုံသို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက်၍ နိုင်ငံ့ဝန်ထမ်းဟောင်း အလုပ်သမား ၅၀၀ ခန့်ကို ဆက်လက်၍ အလုပ်သုံးလခန့်ထားရန်နှင့် သုံးလအတွင်း အလုပ်သမားများအတွက် လုပ်ငန်းအသစ်များတွင် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းပေးသွားမည်ဟူ၍ ပြောကြားခဲ့ကြောင်း သိရသည်။

“အလုပ်သမားတွေကို နောက်သုံးလ ဆက်ခန့်ထားပေးရမယ်။ သုံးလအတွင်းမှာ လုပ်ငန်းပြောင်းလဲဖို့အတွက် သူကကူညီမယ်။ ပြီးတော့ ပြောင်းလဲသွားမယ့် လုပ်ငန်းခွင်မှာ ဒီအလုပ်သမားတွေကို ဆက်ပြီး အသုံးပြုရမယ်ဆိုတဲ့ဟာမျိုး ပြောသွားတယ်။ ဝန်ကြီး ဝင်ညှိနှိုင်းပေးတာကို အလုပ်သမားအားလုံးက ကျေနပ်တယ်။ ဝမ်းသာကြတယ်။ သူက ပြဿနာ အခြေအနေကို ဝင်ရောက် ဖြေရှင်းပေးသွားတဲ့အတွက် ပဋိပက္ခ အခြေအနေတို့ ဆူပူမှုတို့ လုံးဝမဖြစ်တော့ဘူးပေါ့” ဟု ကျော်ထက်ကျော်ကုမ္ပဏီ အုတ်ဂျင်းဂုန်နီစက်ရုံတွင် အလုပ်လုပ်နေသော ဦးစိုးလွင်က ဆိုသည်။

မြေဧက ၁၂၀ ကျော် အကျယ်အဝန်းရှိ အုတ်ကျင်းဂုန်နီစက်ရုံကို ၂၀၁၂ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ ကျော်ထက်ကျော်ကုမ္ပဏီက နိုင်ငံပိုင်စက်ရုံကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent