နှစ် ၃၀ ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား မန္တလေးမြို့ ဓမ္မသာလခန်းမတွင် စတင်ကျင်းပ

နှစ် ၃၀ ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား မန္တလေးမြို့ ဓမ္မသာလခန်းမတွင် စတင်ကျင်းပ
Published 8 August 2018

နှစ် ၃၀ ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား မန္တလေးမြို့ ဓမ္မသာလခန်းမတွင် ကျင်းပစဉ်

နှစ် ၃၀ ပြည့် ပုလဲရတုအထိမ်းအမှတ် ရှစ်လေးလုံးလူထု ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို မန္တလေးမြို့ ၈၄ လမ်း (ဗိုလ် ချုပ်အောင်ဆန်းလမ်း) နှင့် ၃၁ လမ်းရှိ ဓမ္မသာလခန်းမတွင် သြဂုတ် ၇ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရှစ်လေးလုံး ကာလအတွင်း ပါဝင်ဖြတ်သန်းခဲ့ကြသူများနှင့် မြို့ခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နှစ် ၃၀ ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားကို မန္တလေးမြို့ရှိ ဓမ္မသာလခန်းမ၌ သြဂုတ် ၇ ရက်မှ ၈  ရက်အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိရာ ပထမနေ့ဖြစ်သည့် သြဂုတ် ၇ ရက်တွင် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်)၊ ဦးရွှေထူးတို့က ဖဲကြိုးဖြတ်စတင်ဖွင့်လှစ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ၌ ကျဆုံးသွားခဲ့ကြသည့် ရဟန်း၊ ရှင်လူ၊ ကျောင်းသားပြည်သူတို့အား ဂုဏ်ပြုသောအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

“ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေက အုပ်ချုပ်တဲ့ ဒီမိုကရေစီဆိုတာကို ထူထောင်ဖို့အတွက် အဲဒါကိုဆုံးဖြတ်ခဲ့ကြတာပါ။ ပြည်သူတွေကရွေးချယ်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ဖို့တင်မကပါဘူး။ အဲဒါကိုဆက်လက်ထိန်းသိမ်းဖို့အတွက် လူတိုင်းမှာ တာဝန်ရှိပါတယ်။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ နှစ် ၃၀ ရှိသွားခဲ့ပါပြီ။ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရှစ်လေးလုံးက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရည်မှန်းချက်၊ မူဝါဒတွေဟာ ရှစ်လေးလုံးကို အခြေခံတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အခမ်းအနားမှာ ဆရာတော်မိန့်သွားသလို ရိုးသားဖို့နဲ့ ကြိုးစားဖို့၊ စွမ်းဆောင်နိုင်ဖို့။ ဒါမှသာလျှင် ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာအလယ်မှာ မျက်နှာပန်းလှမှာ ဖြစ်တယ်။ ကျွန်တော်တို့မျှော်မှန်းနေတဲ့  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုလည်း ထူထောင်နိုင်မှာဖြစ်တယ်။ ရှစ်လေးလုံးရဲ့  ဘုံရည်မှန်းချက်ကို မပျောက်ပျက်စေချင်ပါဘူး။ အဲဒါလေးတွေကို ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့သွားမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမှာ အမြဲပြောနေရတဲ့ စကားရှိပါတယ်။ ပြည်သူလည်း မနာ၊ တိုင်းပြည်လည်းမနာစေတဲ့ သူမနာ၊ ကိုယ်မနာနဲ့ ကျွန်တော်တို့က ငြိမ်းချမ်းသော နည်းလမ်းနဲ့ သဟဇာတဖြစ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်အကောင်ထည်ဖော်နေပါတယ်။ အားလုံးလည်း ဝိုင်းပြီးတော့ ကြိုးပမ်းပေးစေချင်ပါတယ်” ဟု ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

နှစ် ၃၀ ပြည့် ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား ပထမနေ့ ဖြစ်သည့် သြဂုတ် ၇ ရက်တွင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာဦးရွှေထူးတို့က ရှစ်လေးလုံးနှင့်ပတ်သက်သည့် အောက်မေ့ဖွယ် အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး အခမ်းအနားသို့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးနှင့် ပါတီအသီးသီးတို့မှ ပေးပု့ိလာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။ မွန်းလွဲပိုင်းတွင် ၂၁ ရာစုပင်လုံညီလာခံနှင့် ငြိမ်းချမ်းရေး အလားအလာခေါင်းစဉ်ဖြင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ပထမနေ့ အခမ်းအနားညပိုင်း အစီအစဉ်များအဖြစ် နိုင်ငံရေးတေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဂုဏ်ပြုအငြိမ့်နှင့် ပြဇာတ်အစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။ နှစ် ၃၀ ပြည့် ရှစ်လေးလုံးလူထုဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားတွင် မန္တလေးမြို့၌ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းဖြတ်သန်းခဲ့ကြသည့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အရေးတော်ပုံကာလအတွင်း ထုတ်ဝေခဲ့သည့် သတင်းစာများ၊ အသုံးပြုခဲ့သည့် ခေါင်းစီးလက်ပတ်များ၊ ပန်းချီ၊ ကာတွန်းများ အစရှိသည့် သမိုင်းဝင်မှတ်တမ်းများကို သြဂုတ် ၈ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားဒုတိယနေ့ဖြစ်သည့် သြဂုတ် ၈ ရက် နံနက် ၆ နာရီတွင် သံဃာ့ဒါန ဆွမ်းလောင်းလှူပြီး မန္တလေး လေးပြင်လေးရပ်ရှိ ဆရာတော်ကြီးများကို အရုဏ်ဆွမ်းကပ်လှူဒါန်းပြီး အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့သူများအတွက် အမျှပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် မွန်းလွဲ  ၁ နာရီမှ ၄ နာရီအထိ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ကျရောက်မည့် နှစ် ၃၀ ပြည့် ပုလဲရတုအထိမ်းအမှတ် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြီးခဲ့သည့် ရှစ်လေးလုံးငွေရတု ၂၅ နှစ်ပြည့်ကာလက ကျင်းပပြုလုပ်ခဲ့သည့်  စံချိန်ထက် မလျော့စေရန်၊ နိုင်ငံရေးအနှစ် သာရပြည့်ဝစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် သြဂုတ်လက တစ်ပါတီ အာဏာရှင် မဆလအစိုးရအား နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများ၊ အစိုးရဝန်ထမ်းများအပါအဝင် ဆန့်ကျင်တောင်းဆို အုံကြွမှုဆင်နွှဲ၍ သမိုင်းဝင်လူထု တော်လှန်ရေးကြီးတစ်ရပ် ပြုလုပ်ခဲ့ကြရာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံခဲ့ရပြီး ပြည်သူအများအပြား သေဆုံးခဲ့ကြသည်။