Myanmar Idol သီချင်းဆိုပြိုင်ပွဲ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ဖြိုးမြတ်အောင်၏ ဟင်္သာတခရီးစဉ်နှင့် ဖျော်ဖြေပွဲ၌ ကြိုဆိုအားပေးသူ များပြားခဲ့

Myanmar Idol သီချင်းဆိုပြိုင်ပွဲ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ဖြိုးမြတ်အောင်၏ ဟင်္သာတခရီးစဉ်နှင့် ဖျော်ဖြေပွဲ၌ ကြိုဆိုအားပေးသူ များပြားခဲ့
Published 7 August 2018

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season(3) နောက်ဆုံးအဆင့် Grand Final သို့ တက်ရောက်နိုင်ခဲ့သည့် ဖြိုးမြတ်အောင်၏ ဟင်္သာတခရီးစဉ်နှင့် ဖျော်ဖြေပွဲ၌ ကြိုဆိုအားပေးသူ များပြားခဲ့သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲမဝင်ခင် ရန်ကုန်မှ ဟင်္သာတသို့ ခေတ္တပြန်လာသည့် ဖြိုးမြတ်အောင် အား လမ်းတစ်လျှောက် ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးမှ ပရိသတ် အများအပြားက ကြိုဆိုခဲ့ကြပြီး သြဂုတ်လ ၆ ရက်နေ့၊ ဟင်္သာတမြို့တော်ခန်းမ၌ ဖျော်ဖြေပွဲ ကျင်းပချိန်တွင်လည်း လာရောက်အားပေးသူ အများအပြားရှိခဲ့သည်။

“အများကြီးအားပေးတော့ ထင်တောင်မထားဘူး။ အရမ်းပျော်တယ်။ ကျွန်တော် အသံဝင် နေတာ။ ဒါပေမယ့် ကျွန်တော့်မိသားစုတွေတွေ့တော့ အသံပြန်ထွက်လာတယ်။ ဒီလိုအားပေး ကြတဲ့အတွက် ကျွန်တော်အခု ယှဉ်ပြိုင်ရမယ့် Grand Final မှာ ကျွန်တော့်အသံဝင်ချင်ဝင်နေပါစေ၊ လည်ချောင်းကွဲချင်ကွဲသွားပါစေ ကျွန်တော်ဆိုမှာ။ အားမငယ်တော့ဘူး”ဟု ဖြိုးမြတ်အောင်က ဖျော်ဖြေပွဲ၌ ပြောကြားခဲ့သည်။

“အဓိကကတော့ ရှစ်လေးလုံးပွဲတက်ရင်းနဲ့ ဖြိုးမြတ်အောင်ကို အားပေးချင်လို့လာတာ။ ဒီကျတော့ ချွေးသံတလုံးလုံးနဲ့ အားပေးခဲ့တယ်။ ဖြိုးမြတ်အောင်ကို ပြောချင်တဲ့စကားက ကိုယ် အတတ်နိုင်ဆုံးပဲဆို။ ကိုယ့်မှာ Talent ရှိတယ်။ ဘာမှကြောက်စရာမလိုဘူး။ ကိုယ်က အများကြီး သာတယ်ဆိုတာ ကိုယ့်ဘာသာကိုယ်လည်းသိတယ်။ အဲတော့ ပြိုင်ပါ။ အောင်မြင်သွားရင် အရင် အတိုင်းပဲနေ။ ဘဝင်မမြင့်နဲ့။ ဒီအတိုင်းပဲ ရိုးရိုးသားသားကြိုးကြိုးစားစား အမြဲလုပ်၊ ပညာဆိုတာ သင်လို့မကုန်ဘူး။ ပိုက်ဆံဆိုတာ သူ့အလိုလိုဝင်လာလိမ့်မယ်။ ပိုက်ဆံ နောက်ကိုလည်း မလိုက် နဲ့။ ရိုးသားစွာကျင့်ကြံပါလို့ ပြောချင်တယ်”ဟု အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေချိန် ဖြိုးမြတ်အောင်အား လာရောက်အားပေးခဲ့သည့် ဒေါက်တာမန်းမြင့်ဆိုင်က ပြောကြားသည်။

“ဦးက ဟင်္သာတသားပါ။ ကချင်ပြည်နယ်၊ ဖားကန့်ကနေ အာဇာနည်နေ့နဲ့ ရှစ်လေးလုံး ကိစ္စအတွက်လာခဲ့တာ။ ဒီကိုရောက်နေတုန်း သားလေးဖြိုးမြတ်အောင်ရဲ့အောင်မြင်မှုကို လေးစားတဲ့ အတွက် လာရောက်အားပေးခြင်းဖြစ်ပါတယ်”ဟု ပရိသတ်တစ်ဦးဖြစ်သူ စောအံ့မောင်က ပြောကြားသည်။

အဆိုပါဖျော်ဖြေပွဲ၌ ဖြိုးမြတ်အောင်က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး Black Star Music Band က တီးခတ်ပေးခဲ့ကာ ဒေသခံတေးသံရှင်များမှ လည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season(3) နောက်ဆုံးအဆင့် Grand Final ပွဲကို သြဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားရန်ရှိပြီး ဖြိုးမြတ်အောင်နှင့် ချမ်းမြေ့မောင်ချို တို့နှစ်ဦးယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent