အောင်ရဲထွေးအမှုမှ ပြန်လွတ်လာသူသုံးဦးနှင့် မိသားစုဝင်များအား CID က ခေါ်ယူမေးမြန်းခဲ့ဟု သိရ

အောင်ရဲထွေးအမှုမှ ပြန်လွတ်လာသူသုံးဦးနှင့် မိသားစုဝင်များအား CID က ခေါ်ယူမေးမြန်းခဲ့ဟု သိရ
Published 6 August 2018

သရုပ်ဆောင်အောင်ရဲထွေးအမှုမှ ပြန်လွတ်လာသူ သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအား CID က သြဂုတ် ၅ ရက်နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ  CID ရုံး၌ ခေါ်ယူမေးမြန်းခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး၏ ပြောကြားမှုအရ သိရသည်။

ထိုသို့ CID က ခေါ်ယူမေးမြန်းရာတွင် မည်သည့်အကြောင်းအရာများအား မေးမြန်းခဲ့သည်ကိုမူ သိရှိရခြင်းမရှိသေးဘဲ သြဂုတ် ၅ ရက်နံနက်ပိုင်းတွင် အောင်ရဲထွေးအမှုမှ ပြန်လွတ်လာသူ သုံးဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအား CID က ခေါ်ယူမေးမြန်းခဲ့ခြင်းကို မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားပေးခဲ့ခြင်း ဖြစ်သည်။

“အောင်ရဲထွေးအသတ်ခံရတဲ့ အမှုကနေ ပြန်လွတ်ထားတဲ့ သုံးယောက်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေရယ်ကို CID က ဒီနေ့မနက်ပိုင်းက ခေါ်ယူမေးမြန်းခဲ့တာ ဟုတ်ပါတယ်။ အင်းစိန် CID ရုံးကိုပဲ ခေါ်လိုက်တာပါ”  ဟု မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

အောင်ရဲထွေးသည် လူမှုကွန်ရက် Facebook ပေါ်တွင် ဟာသဗီဒီယိုများ ရိုက်ကူး တင်ဆက်ရာမှ ပရိသတ်များစွာ၏ အားပေးမှုကိုရရှိခဲ့သူတစ်ဦးဖြစ်ပြီး နှစ်သစ်ကူးညတွင် သုဝဏ္ဏရှိ The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးပါတီသို့ ချစ်သူနှင့်အတူ သွားရောက်ရာမှ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဒဏ်ရာများဖြင့် ဆေးရုံပေါ်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အောင်ရဲထွေးသေဆုံးပြီးတွင် ရိုက်နှက်ခဲ့သူများထဲမှ သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား ၎င်း၏ ဖခင်ဖြစ်သူက ဇန်နဝါရီ ၃ ရက်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက် အပ်နှံခဲ့သဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၎င်းနှင့်အတူ  လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ လည်း  အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ရာတွင် ပါဝင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အမှုတွင် ကျူးလွန်သူများအား ၎င်းတို့၏ မိဘများကိုယ်တိုင် ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့သည်။ ထို့နောက် ခုနစ်လ အကြာတွင် တရားလိုဘက်မှ အမှုရုပ်သိမ်း သည်ဟုဆိုကာ ဖမ်းဆီးထားသူများ ပြန်လည် လွတ်မြောက်လာခဲ့ပြီး အများပြည်သူအကြား ဝေဖန်မှုများကြောင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တရားစီရင်ရေးအပေါ် ထောက်ပြခဲ့ပြီး အောင်ရဲထွေးအမှုအား စစ် ဆေးမည်ဖြစ်ကြောင်း သမ္မတရုံးက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သကဲ့သို့ အောင်ရဲထွေး အမှုအား အမိန့်ချမှုနှင့်ပတ်သက်ကာ အဂတိလိုက်စားကြောင်း ခိုင်လုံသည့် အထောက်အထားရှိနိုင်သည့် ကျော်စောသတင်း အဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။