လုံးခင်း၊ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မိုးညှင်း ရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၄၂၀ ကျော် ယခုလတွင် သက်တမ်းကုန်ဆုံး

လုံးခင်း၊ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မိုးညှင်း ရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၄၂၀ ကျော် ယခုလတွင် သက်တမ်းကုန်ဆုံး
Published 6 August 2018

လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မိုးညှင်း ရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၄၂၀ ကျော်မှာ ယခုလကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ၌ လုပ်ကွက် ၂၉၃ ခု၊ မိုင်းရှူးရတနာနယ်မြေတွင် လုပ်ကွက်တစ်ခု၊ မိုးကုတ် ရတနာနယ်မြေတွင် လုပ်ကွက် ၆၆ ခု၊ ခန္တီးရတနာနယ်မြေတွင် လုပ်ကွက်ငါးခု၊ မိုးညှင်းရတနာနယ်မြေရှိ လုပ်ကွက် ၅၉ ခုတို့မှာ သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သြဂုတ်လကုန်တွင် သက်တမ်းကုန်မည့် လုပ်ကွက် စုစုပေါင်း ၄၂၄ ခု ရှိကြောင်း သိရသည်။

မိုင်းရှူးရတနာနယ်မြေရှိ လုပ်ကွက် တစ်ခုမှာ ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မိုးကုတ်ရတနာ နယ်မြေရှိ လုပ်ကွက် ၆၆ ခုမှာလည်း ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေရှိ လုပ်ကွက် ၂၉၃ ခုမှာ ၂၀၁၁ နှင့် ၂၀၁၅ ခုနှစ်တို့တွင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ခန္တီးရတနာနယ်မြေ ရှိလုပ်ကွက် ငါးခုကို  ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး မော်လူး၊ မော်ဟန် (မိုးညှင်း) ရတနာနယ်မြေရှိ လုပ်ကွက် ၅၉ ခုမှာလည်း ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးခဲ့သည့် လုပ်ကွက်ပေါင်း ၆၉၈ ခုရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်စုစုပေါင်း ၂၃၄ ခုရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်စုစုပေါင်း ၁၉၈ ခုရှိကြောင်း သိရသည်။ လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မိုးညှင်းရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၂၈၁ ခုမှာ ၂၀၁၈ ခုနှစ် ဇွန်တွင် သက် တမ်းကုန်ဆုံးခဲ့ကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကုတ်၊ နန့်ယားဆိပ်နှင့် မိုင်းရှူးရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၃၀၀ မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကုတ်၊ ခန္တီးနှင့် မိုင်းရှူးရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၃၄၃ ခုမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် သက်တမ်းကုန်ဆုံးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။