ကချင်ပြည်နယ်တွင် တောင်ပေါ်လမ်းမကြီးသုံးခု မြေပြိုမှုနှင့်ကြုံနေရပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ မြေပြိုမှုကြောင့် လမ်းပိတ်နေ

ကချင်ပြည်နယ်တွင် တောင်ပေါ်လမ်းမကြီးသုံးခု မြေပြိုမှုနှင့်ကြုံနေရပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ မြေပြိုမှုကြောင့် လမ်းပိတ်နေ
Published 4 August 2018

ကချင်ပြည်နယ်တွင် တောင်ပေါ်လမ်းမကြီးသုံးခု မြေပြိုမှုနှင့်ကြုံနေရပြီး တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ မြေပြိုကျမှုကြောင့် လမ်းပိတ်နေသည်။

မြစ်ကြီးနား-ကန်ပိုင်တည် လမ်းမကြီးပေါ်ရှိ ၁၉ မိုင်တွင် လည်းကောင်း၊ ဗန်းမော်-မိုးမောက် -လွယ်ဂျယ်လမ်းပိုင်းတွင် ၃၉ မိုင်၌ လည်းကောင်း၊ လီဒိုလမ်းမကြီးဖြစ်သည့် နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင် လမ်းပိုင်း တွင် ၁၃၃ မိုင်မှ ၁၃၈ မိုင်အတွင်းလည်းကောင်း မြေပြိုမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ် လမ်းဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြင့်ဦးက “ဗန်းမော်- လွယ်ဂျယ်လမ်းပိုင်းမှာလည်း မြေပြိုတယ်။ မကြာခင်ပြီးမယ်ထင်တယ်။ ဝိုင်းမော်-ကန်ပိုင်တည်လမ်းပိုင်းက နေ့လယ်က ပြိုရင်တော့ သတင်းမတက်သေးဘူး။ လီဒိုလမ်းပိုင်းဖြစ်တဲ့ နမ္မတီး-တနိုင်း- နန်း ယွန်း-ပန်ဆောင်လမ်းပိုင်းက ၁၃၃ မိုင်နဲ့ ၁၃၈ မိုင်ကြားမှာ ခုနစ်နေရာပြိုနေတယ်။ နောက်နှစ်ရက်လောက်ဆိုရင် လမ်းပေါက်မှာပါ။ ကချင်ပြည်နယ်မှာက မိုးကြီးရင် တောင်ပေါ်လမ်းတွေက ပြိုတတ်တယ်” ဟု ပြောကြားသည်။

ဗန်းမော်မြို့မှ ကားဆရာတစ်ဦးက “အခု ပြိုနေတာက ၃၉ မိုင်အတက်မှာ။ လွယ်ဂျယ်လမ်းကပျက်နေပြီ။ ပြိုတယ်။ ပဲ့တယ်။ လမ်းခင်းကြောင်းပျက်တယ်။ ကားအငယ်ကတက်ဖို့ မလွယ်တော့ဘူး။ အစိုးရဘက်လည်း အချိန်မီမပြင်ဘူး။ အခုပြိုနေတာက ၃၉ မိုင် တောင်ကွေ့မှာ။ မနက်ဖြန် (သြဂုတ် ၄ ရက်) မှာ လမ်း ပွင့်နိုင်တယ်။ မိုးကြီးရင် တစ်လမ်းလုံး ပြိုရော။ လူတောင်အန္တရာယ်များတယ်။ မနှစ်က ကား တစ်စီးဆုံးရှုံးတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် မိုးရာသီအတွင်း ဝိုင်းမော်-မန်ဝိန်းကြီး-ချီဖွေလမ်းပိုင်း၊ ဝိုင်းမော်-ကန်ပိုင်တည်-တရုတ်နိုင်ငံလမ်းပိုင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်း၊ ပူတာအို-ဒရုခ-နောင်မွန်လမ်းပိုင်းများတွင် မြေပြိုလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent