ပုဂံအာနန္ဒာဘုရား အပါအဝင် ဘုရားများ၏ စိန်ဖူးတော်များ ပျောက်ဆုံးမှုတွင် ကြည်လင်းနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အောင်ဝင်းဇော်ထွက်ဆို

ပုဂံအာနန္ဒာဘုရား အပါအဝင် ဘုရားများ၏ စိန်ဖူးတော်များ ပျောက်ဆုံးမှုတွင် ကြည်လင်းနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အောင်ဝင်းဇော်ထွက်ဆို
Published 3 August 2018

ပုဂံအာနန္ဒာဘုရား အပါအဝင် ဘုရားများမှ စိန်ဖူးတော်များ ပျောက်ဆုံးမှုတွင် ကြည်လင်းနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အောင်ဝင်းဇော်က တရားခွင်တွင် ထွက်ဆိုသည်။

၎င်းကို သြဂုတ် ၂ ရက်တွင် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး၌ ရုံးချိန်းခေါ်ယူခဲ့ကာ လေးကြိမ်မြောက်အဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လုပ်ကြံခံရသူဦးကိုနီဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလက အောင်ဝင်းဇော်အား ဘုတလင် တရားရုံးအမှုအတွက် ကြည်လင်းနှင့်အတူ (မြဝတီမြို့နယ်) သင်္ဃန်းညီနောင်တွင် ဖမ်းဆီးခံခဲ့ရသည်မှာ ဟုတ်ပါသလားဆိုသည့် မေးခွန်းကို “ဘုတလင်မြို့နယ် တရားရုံးအမှုတွင် မဟုတ်ပါ။ ပြင်ဦးလွင်ရှိ မဟာအံထူးကံသာဘုရား၊ တောင်ကြီးမြို့ရှိ စေတီတော်တစ်ဆူ၊ ပုဂံမြို့ရှိ အာနန္ဒာဘုရား စိန်ဖူးတော်များ ပျောက်ဆုံးမှုဖြင့် ကြည်လင်းထံတွင် ပတ္တမြားကျောက်ထုတ်တွေ့ရှိ၍ ဆက်စပ်နိုင်သူအဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်” ဟု အောင်ဝင်းဇော်က ပြန်လည်ဖြေကြားသည်။

သင်္ဃန်းညီနောင်တွင် ဖမ်းဆီးခံရပြီးနောက် မြဝတီမြို့သို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း၊ ယင်းမှတစ်ဆင့် ဘားအံ၊ ဘားအံမှတစ်ဆင့် ရန်ကုန်စီအိုင်ဒီ၊ ယင်းမှတစ်ဆင့်၊ မင်္ဂလာဒုံရဲစခန်း၊ အင်းစိန်ရဲစခန်း၊ မန္တလေး စီအိုင်ဒီ၊ ထိုမှတစ်ဆင့်မန္တလေးအမှတ် (၃) ရဲစခန်း၊ မန္တလေးအမှတ် (၁) ရဲစခန်း၊ မန္တလေး စီအိုင်ဒီသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက်တွင် ဘုတလင်သို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း အောင်ဝင်းဇော်က ဆက်လက်ဖြေကြားသည်။

ယင်းအပြင်တရားလို ရှေ့နေဦးနေလက တရားရုံးသို့သက်သေခံ တင်သွင်းထားသည့် ကြည်လင်းနှင့် အောင်ဝင်းဇော် လေဆိပ်တွင် သွားလာလှုပ်ရှားခဲ့သည့် စီစီတီဗွီမှတ်တမ်းများကို အောင်ဝင်းဇော်အား ပြသကာမေးမြန်းခဲ့ပြီး အောင်ဝင်းဇော်ကလည်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ယင်းနေ့ရုံးချိန်းတွင် တရားခွင်အတွင်း အချင်းများမှု အနည်းငယ်ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားရသည့်အကြောင်းမှာ အောင်ဝင်းဇော်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တောသားကြည်လင်းမှာ ရန်ကုန်မြို့သို့ မကျွမ်းကျင်သဖြင့် အောင်ဝင်းဇော်က ဦးကိုနီအား လုပ်ကြံရန် ရန်ကုန်လေဆိပ်သို့ လိုက်ပို့ခဲ့ရသည်မှာ မှန်ပါသလားဆိုသည့်မေးခွန်းကို ဦးနေလက အောင်ဝင်းဇော်အား မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းရာတွင် ကြည်လင်းနှင့်အတူ ရယ်ခဲ့သည့် ဇေယျာဖြိုးကို ရယ်စရာပါသလားဟု ဦးနေလက မေးခွန်းထုတ်ရာ ဇေယျာဖြိုးက ဘယ်သူ့ကိုပြောတာလဲဟု ပြန်လည်မေးမြန်းခဲ့ရာမှ တရားခွင်အတွင်း အချင်းများခဲ့ကြခြင်းဖြစ်သည်။

Most Read

Most Recent