အောင်ရဲထွေးအမှု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စတင် ကိုင်တွယ်နေပြီဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အချိန်တန်လျှင် ထုတ်ပြန်မည်ဟု ဆို

အောင်ရဲထွေးအမှု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စတင် ကိုင်တွယ်နေပြီဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အချိန်တန်လျှင် ထုတ်ပြန်မည်ဟု ဆို
Published 2 August 2018

အောင်ရဲထွေးအမှု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စတင် ကိုင်တွယ်နေပြီဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အချိန်တန်လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန့်က ပြောကြားသည်။

“အဲဒီကိစ္စအတွက် လုပ်စရာရှိတာတွေလည်း လုပ်နေပါပြီ။ အသေးစိတ် အစည်းအဝေးတွေလည်း ဒီတစ်ရက် နှစ်ရက်အတွင်း လုပ်မှာပါ။ ဒီလောက်ပဲ ဖြေကြားပါရစေ။ ကျန်တဲ့အချက်အလက် အသေးစိတ်ကတော့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ရင် ထုတ်ပြန်ပေးပါမယ်”ဟု ဦးဟန်ညွန့်က ပြောကြားသည်။

အမှုနှင့် ပတ်သက်၍ အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတက ဇူလိုင် ၃၁ ရက်တွင် သမ္မတအိမ်တော်၌ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းသို့ မှာကြားအပြီးတွင် ပြည်ထောင်စုရှေ့နေရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ပြင်ဆင်မှု လျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီး တရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၉၆ (ခ)/၂၀၁၈ ဖြင့် အမှုကို လက်ခံပြီး ဆက်လက် ကြားနာမည်ဖြစ်သည်။

အောင်ရဲထွေးအမှုတွင် ပြန်လည် လွတ်မြောက်သွားသူများဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ထံ သမ္မာန်စာပေးပို့ကာ ဆင့်ခေါ်မည်ဖြစ်ပြီး ၎င်းတို့မှာ အချုပ်လွတ်ဖြင့် တရားပြန်လည် ရင်ဆိုင်ရမည် ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှု ရရှိထားသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ ၎င်း၏ ချစ်သူနှင့်အတူ သွားရောက် လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီး ဆိုသူအား ၎င်း၏ဖခင်က ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ ရိုက်နှက်မှုတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇော တို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများအား ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက် အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အမှုအား စစ်ဆေးနေသည့် ရုံးချိန်း သုံးချိန်းအပြီးတွင် တရားလိုက အမှုပြန်လည် ရုပ်သိမ်းသည်ဟုဆိုကာ ကျူးလွန်သူများအား ပြန်လွှတ်ပေးခဲ့သဖြင့် အများပြည်သူက လူမှုကွန်ရက်စာမျက်နှာ၌သာမက ပြင်ပတွင်လည်း ဝေဖန်မှုများစွာ မြင့်တက်ခဲ့ရသည်။