ရေဘေးသင့် ဘီးလင်း၊ သထုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းပေါင်း ၄၇ ခု ဖွင့်လှစ်ပြီး စခန်းတိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦးစီ တာဝန်ချထား

ရေဘေးသင့် ဘီးလင်း၊ သထုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ကယ်ဆယ်ရေးစခန်းပေါင်း ၄၇ ခု ဖွင့်လှစ်ပြီး စခန်းတိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦးစီ တာဝန်ချထား
Published 2 August 2018

ရေဘေးသင့်ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်

ရေဘေးသင့် မွန်ပြည်နယ် ဘီးလင်း၊ သထုံနှင့် ကျိုက်မရောမြို့နယ်များတွင် ကယ်ဆယ်ရေးစခန်းပေါင်း ၄၇ ခု ဖွင့်လှစ်ထားပြီး စခန်းတိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦးစီ တာဝန်ချထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဇူလိုင်လ၂၇ ရက်မှစ၍ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၇ ရက် မှ ၃၀ ရက်အထိ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၉ ခု၊ သထုံမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းခြောက်ခုနှင့် ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း နှစ်ခုကို ဖွင့်လှစ်ထားကြောင်းနှင့် ရေဘေးသင့်ပြည်သူများသည် ယင်းကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်လျက်ရှိပြီး မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနများမှ ဒေသခံ ကျန်းမာရေးဝန်ထမ်းများသည်နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ရေဘေးသင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“လက်ရှိ ရေဘေးကျရောက်နေတဲ့နေရာတွေမှာ ကျန်းမာရေးဌာနအနေနဲ့ မြွေဆိပ်ဖြေဆေး၊ ရေသန့်ဆေးပြားတွေ၊ ရေသန့်စက်တွေ၊ ဆေးစိမ်ခြင်ထောင်တွေ အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတွေကို ဖြန့်ဝေထားပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာလည်း ယာယီဆေးခန်း၊ ရွေ့လျားဆေးခန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ အစားအစာနဲ့ရေက တစ်ဆင့်ကူးစက်တဲ့ရောဂါတွေ မဖြစ်စေဖို့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ထားပါတယ်” ဟု သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲမှ စီမံချက်မန်နေဂျာ ဒေါက်တာကျော်ခိုင်စံက ပြောကြားသည်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနသည် ရေလွှမ်းမိုးမှုဖြစ်ပွားသော ဒေသများသို့ ရေလွှမ်းမိုးမှုမရှိသော နီးစပ်ရာနေရာဒေသများမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ စေလွှတ်ပေးပို့ခဲ့ပြီး ကယ်ဆယ်ရေး စခန်းတိုင်းတွင် ကျန်းမာရေးဝန်ထမ်းနှစ်ဦးစီ တာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင် ယာယီဆေးခန်း၊ ရွေ့လျားဆေးခန်းများဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများစသည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ၊ တီဘီရောဂါ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ၊ ဆီးချိုသွေးတိုးရောဂါ စသည့် နာတာရှည်ရောဂါ ဖြစ်ပွားနေသူများ လိုအပ်သော ဆေးဝါးများ ဆက်လက်ရရှိနိုင်ရေး လုပ်ငန်းများစသည်တို့ကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဗဟိုပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) ကို ၂၄ နာရီ ဖွင့်လှစ်၍ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ကျန်းမာရေးဌာနများ၊ ကွင်းဆင်းအဖွဲ့များ အကြားကွန်ရက် ချိတ်ဆက်ဆက်သွယ်၍ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

ဇူလိုင် ၃၀ ရက်တွင် ရေလွှမ်းမိုးခဲ့သော နေရာများ၌ ရေစတင်ကျဆင်းလာခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများသည် ရေလွှမ်းမိုးမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဖြစ်ပွားလာနိုင်သည့်ရောဂါဖြစ်ပွားမှုများကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ကွင်းဆင်း၍ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ ရောဂါပိုးသယ်ဆောင်နိုင်သော ပိုးမွှားများကို နှိမ်နင်းခြင်း လုပ်ငန်းများ အပါအဝင် ရောဂါကာကွယ်တားဆီး နှိမ်နင်းခြင်းလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများစသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများတွင် ဖွင့်လှစ်ထားသော ဆေးခန်းများတွင် လက်ရှိအထိ လူနာစုစုပေါင်း ၂၈၂၆ ဦး လာရောက်ပြသခဲ့ပြီး မွန်ပြည်နယ်ရှိ ရေဘေးသင့်ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများတွင် လက်ရှိအထိ ကူးစက်ရောဂါကပ်အသွင် ဖြစ်ပွားမှုများ မရှိကြောင်း သိရသည်။