ချယ်လ်ဆီးနှင့် ကစားမည့် ကွန်မြူနတီဒိုင်းပွဲတွင် မာရက်ဇ် ပါဝင်ကစားနိုင်ဖွယ်ရှိ

ချယ်လ်ဆီးနှင့် ကစားမည့် ကွန်မြူနတီဒိုင်းပွဲတွင် မာရက်ဇ် ပါဝင်ကစားနိုင်ဖွယ်ရှိ
Published 1 August 2018

Photo: Getty Images

ဘိုင်ယန်မြူးနစ်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရခဲ့သည့် International Champions Cup ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သော ကွင်းလယ်လူ မာရက်ဇ်သည် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် ကွန်မြူနတီဒိုင်းပွဲတွင် ပါဝင်နိုင်ဖွယ်ရှိကြောင်း မန်စီးတီးအသင်းက ထုတ်ပြန်ခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ မာရက်ဇ်သည် ယခုနွေရာသီအပြောင်းအရွှေ့တွင်မှ လက်စတာအသင်းမှ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်သည်။

မာရက်ဇ်သည် ဘိုင်ယန်မြူးနစ်အား (၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲစဉ်တွင် ဘိုင်ယန်ကစားသမားရစ်ချက်နှင့် ထိခိုက်မီပြီး ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သဖြင့် ပွဲချိန် (၂၈)မိနစ်၌ ဘာနာဒိုဆေးလ်ဗားနှင့် လူစားလဲခံခဲ့ရပြီး အစောပိုင်းတွင် ကွန်မြူနတီဒိုင်းပွဲကို လွဲချော်ဖွယ်ရှိသည်ဟု သတင်းများထွက်ခဲ့သည်။

သို့သော် မန်စီးတီးအသင်းက မာရက်ဇ်၏ ဒဏ်ရာကို သေချာစစ်ဆေးခဲ့ရာ ဒဏ်ရာမှ ထင်မှတ်ထားသလောက် ပြင်းထန်ခြင်း မရှိသည့်အတွက် ချယ်လ်ဆီးအသင်းနှင့် ကစားမည့်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိနေကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်း၏ ထုတ်ပြန်ချက်တွင် "ဘိုင်ယန်မြူးနစ်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရသည့် ခြေစစ်ပွဲစဉ်တွင် မာရက်ဇ်သည် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော် ဒဏ်ရာမှ ထင်မှတ်ထားသလောက် ပြင်းထန်ခြင်းမရှိသည့်အတွက် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် ကွန်မြူနတီဒိုင်းပွဲတွင် အသင်း၏လူစာရင်း၌ ပါဝင်လာဖွယ်ရှိနေကြောင်း" ပါရှိသည်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းနှင့် FA ဖလားချန်ပီယံ ချယ်လ်ဆီးအသင်းတို့၏ ကွန်မြူနတီဒိုင်းပွဲကို လာမည့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည (၈း၃၀)တွင် ဝင်ဘလေကွင်း၌ ကျင်းပမည် ဖြစ်သည်။

မန်စီးတီးအသင်းသို့ ပေါင်သန်း(၆၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်သည် အာဖရိက ကစားသမားများထဲတွင် တန်ကြေးအမြင့်ဆုံးကစားသမားဖြစ်ခဲ့ပြီး မန်စီးတီးအသင်း၏ ရာသီကြို ခြေစမ်းပွဲ(၃)ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ကြောင်း သိရသည်။