၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ၁၂ တန်းစလုံး၏ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ဖြစ်အောင် ပြုစုမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ၁၂ တန်းစလုံး၏ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ဖြစ်အောင် ပြုစုမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 1 August 2018

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ၁၂ တန်းစလုံး ကျောင်းသုံးဖတ်စာအုပ်များ အသစ်ဖြစ်အောင် ပြုစုသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ထို့ပြင် ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade – 2 ကျောင်းသုံးဖတ်စာအုပ် အသစ်များ အသုံးပြုနေပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade - 3 နှင့် အလယ်တန်းပညာရေးမှ Grade – 6 ၌ ကျောင်းသုံး ဖတ်စာအုပ်အသစ်များ၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade - 4၊ အလယ်တန်းပညာရေးမှ Grade - 7 တို့၌ ဖတ်စာအုပ် အသစ်များ အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက “သင်ရိုးညွှန်းတမ်းတွေကို ပြုပြင်ပြောင်းလဲတဲ့ အခါမှာ မနှစ်က Grade -1 ဖတ်စာအုပ်တွေ အသစ် JICA ရဲ့အကူအညီနဲ့ ပြုစုပြီးပြီ။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ယခုမှာ Grade - 2 ဖတ်စာအုပ်တွေ အသုံးပြုနေပြီ။ နောက်နှစ်မှာ မူလတန်းတစ်တန်းဖြစ်တဲ့ Grade - 3၊ အလယ်တန်း တစ်တန်းဖြစ်တဲ့ Grade - 6 ကို ကျောင်းသုံးဖတ်စာအုပ်အသစ် အသုံးပြုနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။ နောက် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်မှာတော့ Grade – 4 တစ်တန်းနဲ့ Grade - 7 ရယ်၊ အထက်တန်း တစ်တန်းဖြစ်တဲ့ Grade - 10 ရယ် ဒါတွေကို ကျွန်တော်တို့ စီမံဆောင်ရွက်တာသည် ၂၀၂၂- ၂၃ ပညာသင်နှစ်မှာ ဒီ KG+ 12 ၁၂ တန်းစလုံးသည် ကျောင်းသုံး ဖတ်စာအုပ်အသစ်တွေ ဖြစ်အောင် ပြုစုသွားမှာ ဖြစ်ပါတယ်” ဟု  ဇူလိုင် ၂၉ ရက်က Lotte Hotel တွင် ပြုလုပ်သည့် ရွှေပါရမီပညာရေး ဖောင်းဒေးရှင်း၏ ဆဋ္ဌမအကြိမ် ပညာသင်ဆုပေးပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံမူလတန်းပညာရေးမှ Grade – 3 အတွက် မူလတန်းပြဆရာ၊ ဆရာမများနှင့် အလယ်တန်းပညာရေးမှ Grade - 6 တို့အတွက်  အလယ်တန်းပြဆရာ၊ ဆရာမများကို သင်တန်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ယခုနှစ်တွင် Grade - 3 အတွက် မူလတန်းပြ ဆရာ၊ ဆရာမ နှစ်သိန်းခွဲကို ပညာရေး ဝန်ကြီးဌာနမှ သင်တန်းပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။