ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သည့် ဒေသခံများဘက်မှ ရပ်တည်ပေးခဲ့သည့် အောင်သပြေကျေးရွာ တာဝန်ခံ တာဝန်မှ ရပ်စဲခံရ

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သည့် ဒေသခံများဘက်မှ ရပ်တည်ပေးခဲ့သည့် အောင်သပြေကျေးရွာ တာဝန်ခံ တာဝန်မှ ရပ်စဲခံရ
Published 29 July 2018

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သည့် ဒေသခံများအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီး သွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂ တို့ဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံများအား ဇူလိုင် ၂၅ ရက်နံနက်ပိုင်းက အဆိုပါ ကျေးရွာသို့ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံတို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် အောင်သပြေကျေးရွာ တာဝန်ခံက ဒေသခံများဘက်က ရပ်တည်ခဲ့သည် ဟုဆိုကာ ကျေးရွာတာဝန်ခံကို ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၂၆ ရက် နေ့စွဲဖြင့် တာဝန်မှရပ်စဲခဲ့ကြောင်း အဆိုပါ တာဝန်မှရပ်စဲခြင်း ခံခဲ့ရသည့် ကျေးရွာတာဝန်ခံက ပြောကြားသည်။

“ကျွန်တော့်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို မလိုက်နာလို့ ဆိုပြီးတော့ တာဝန်ကနေ ရပ်နားလိုက်တာလို့ စာထုတ်ထားချက်အရ သိပါတယ်။ ကျွန်တော့်ကို တာဝန်ကနေ ရပ်နားလိုက်တဲ့ အဓိကအချက်က ဇူလိုင် ၂၅ ရက်က ဖြစ်စဉ်မှာ ကျွန်တော်က ရွာခံတွေဘက်ကနေပြီး ကာကွယ်တယ်ပေါ့။ ကိုယ့်ရဲ့အထက်လူကြီးတွေကို မလေးစားသလို ဖြစ်သွားတယ်ပေါ့။ ကျွန်တော့်အနေနဲ့ကတော့ အခုလို ကျေးရွာတာဝန်ခံ မဖြစ်ခင်က ဒီစီမံကိန်းကို ကန့်ကွက်တဲ့အထဲမှာ ပါခဲ့ပါတယ်။ ဒါပေမဲ့ ကျေးရွာတာဝန်ခံ ဖြစ်လာချိန်မှာတော့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေနဲ့အညီ ပြုမူနေထိုင်ခဲ့ပါတယ်။ တာဝန်က ရပ်နားလိုက်တဲ့ အဓိကအချက်ကတော့ ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရတဲ့ ရွာသားတွေကို သက်ဆိုင်ရာက လာရောက် ဖမ်းဆီးတဲ့အခါမှာ ကျွန်တော့်အနေနဲ့ ရွာသားတွေဘက်ကပဲနေပြီး သူတို့ရဲ့ စည်းကမ်းတွေအတိုင်း မလိုက်နာဘူးဆိုပြီး အခုလို အရေးယူတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့  သူတို့တာဝန်ကနေ ရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ ဒေသခံတစ်ယောက်အနေနဲ့ ကျေးရွာအနီးအနားမှာ လာလုပ်နေတဲ့ စီမံကိန်းတွေဟာ ဥပဒေတွေနဲ့ မညီညွတ်ဘူး၊ ဒေသအတွက် အကျိုးမရှိဘူးဆိုရင် ကန့်ကွက်သွားမှာပါ” ဟု တာဝန်မှ ရပ်စဲခံရသည့် အောင်သပြေကျေးရွာ တာဝန်ခံ ဦးကျော်မျိုးဦးက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ တာဝန်ခံ ဦးကျော်မျိုးဦးသည် ၂၀၁၂  ခုနှစ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ အခန်း (၅)၊ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ ပုဒ်မခွဲ (ဂ) ပါ ဥပဒေနှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်း စသည့် ဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် ကိုက်ညီမှု မရှိသဖြင့် (၂၆.၇.၂၀၁၈) ရက် နံနက်ပိုင်းမှစ၍ ၎င်းအား အောင်သပြေကျေးရွာ ဆယ်အိမ်မှူးမှ အစပြု၍ ကျေးရွာတာဝန်ခံ အဖြစ်မှ ရပ်စဲလိုက်သည်ဟု ပုသိမ်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရုံးအမိန့် အမှတ် (၃၉/၂၀၁၈)၊ ဇူလိုင် ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ကျေးရွာတာဝန်ခံအဖြစ်မှ ရပ်စဲခံခဲ့ရသည့် ဦးကျော်မျိုးဦး၏ အောင်သပြေကျေးရွာမှာ မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ကပ်လျက်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ စီမံကိန်းကို ကျေးရွာသားများက ကန့်ကွက်မှုများ၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် အဆိုပါ စီမံကိန်းကို ကန့်ကွက်နေသည့် ဒေသခံများ၊ ဆန္ဒထုတ်ဖော်နေသည့် ဒေသခံများမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂ တို့ဖြင့် အမှုဖွင့်ခံထားရပြီး ထိုသို့ အမှုဖွင့်ခံထားရသည့် ဒေသခံများကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က အင်အား အလုံအရင်းဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံတို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။