ဖားကန့်ဒေသ မြန်မာတကောင်း လုပ်ကွက်ဟောင်း မြေပြိုမှုမှ ပျောက်ဆုံးသူများအနက် အလောင်း ကိုးလောင်း ထပ်မံတွေ့ရှိ

ဖားကန့်ဒေသ မြန်မာတကောင်း လုပ်ကွက်ဟောင်း မြေပြိုမှုမှ ပျောက်ဆုံးသူများအနက် အလောင်း ကိုးလောင်း ထပ်မံတွေ့ရှိ
Published 27 July 2018

ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း မြေပြိုမှု မှ ပျောက်ဆုံးသူများအနက် အလောင်း ကိုးလောင်း ဇူလိုင် ၂၆ ရက်က ရေပေါ် ပြန်ပေါ်လာ၍ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားပြင် သုခကာရီ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက “ကိုးလောင်း ပေါ်တယ်။ ရှစ်လောင်းက နာမည်စာရင်းရတယ်။ ဖားပြင်၊ စပေါ့၊ မမုန်၊ အထက်မယ်လင့်ချောင် ကပါတယ်။ တစ်ဦးကတော့ ဘယ်သူမှန်း မသိဘူး။ ပိုင်ရှင်မပေါ်ဘူး။ ရေလှိုင်းရိုက်ပြီး ရေလှိုင်းဆွဲချပြီး ရေနစ်သေသူတွေပေါ့။ ပျောက်ဆုံးက ၁၉ ဦး ဖြစ်နေသေးတာပေါ့။ ရေထဲက လူတွေကို လှေငယ်လေးတွေနဲ့ ရှာနေတယ်။ မြေပြိုတဲ့နေရာကို ဘက်ဟိုးလေးစီးနဲ့ မြေလှန်ရှာဖွေနေတယ်”ဟု ပြောကြားသည်။

ဖားကန့်ဒေသ၊ ဆိပ်မူအုပ်စု၊ မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်းတွင် ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီကျော်က မြေပြိုကျမှုဖြစ်ရာ လူ ၄၀ ဝန်းကျင် ပါသွားခြင်း ဖြစ်ပြီး ဇူလိုင် ၂၅ ရက်အထိ ပျောက်ဆုံးစာရင်း ၂၇ ဦးရှိနေခြင်းဖြစ်သည်။ မြေပြိုမှုတွင် ပူတာအိုခရိုင်အတွင်း အဓိကနေထိုင်သည့် ရဝမ်တိုင်းရင်းသား ၁၉ ဦး ပါသွားပြီး ကူညီပေးနိုင်ရေး ခက်ခဲနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရန်နမ်ဖုန်က ဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ မြေပြိုသည့်နေရာသည် ကျောက်ကောင်းထွက်သည့် အမဲကြောနှင့် မြေဖြူကြော စပ်သည့်နေရာဖြစ်ပြီး ဇူလိုင် ၂၄ ရက်က မြေပြိုပြီးနောက်ပိုင်းတွင် မြေထပ်ပြိုနိုင်ခြေ ရှိသော်လည်း ကျောက်ရှာဖွေသူ များပြားနေကြောင်း သိရသည်။

ဇွန် ၂၂ ရက်ကလည်း ဖားကန့်ဒေသတွင် မိုးကြီးမြေပြိုမှုကြောင့် ၁၄ ဦး သေဆုံးကာ လေးဦး ပျောက်ဆုံးပြီး အိမ်ခြေ ၁၆၀ ကျော် ထိခိုက်ခဲ့သည်။