ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး အမ်းမြို့နယ်အတွင်း ကားများ ထပ်မံပိတ်မိနေ

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး အမ်းမြို့နယ်အတွင်း ကားများ ထပ်မံပိတ်မိနေ
Published 27 July 2018

အမ်းမြို့နယ်အတွင်းရှိ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတစ်နေရာတွင် ဇူလိုင်၂၆ ရက် နံနက်ပိုင်းက ကားကြီးများဖြတ်သန်းနေစဉ် (ဓာတ်ပုံ-ကိုမျိုး)

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် တောင်ကျရေများ ပြည့်လျှံကာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခဲ့ပြီး အမ်းမြို့နယ်အတွင်း ကားများထပ်မံပိတ်မိနေကြောင်း သိရသည်။

ယင်းသို့ရေပြည့်လျှံမှုများတွင် မောင်တောမြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအချို့နှင့် တောင်ကုတ်ဈေး အပါအဝင် ကျေးရွာအများအပြား ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရေပြန်ကျခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ရေပြန်ပြည့်ကာ အဝေးပြေးလမ်းမပေါ်ရှိ နေရာအချို့တွင် ကားများဖြတ်သန်းသွားလာ၍မရသည့် အနေအထားရှိခဲ့ကြောင်း သိရသည်။

“မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဖျားဒေသမှာဆိုရင် ဒုတိယအကြိမ် ရေနစ်မြုပ်ပြီး ထိန်ပင်အုပ်စုက ကျေးရွာတွေ ပြောင်းရွှေ့နေကြရပါတယ်။ စာသင်ကျောင်းတွေမှာ ရေပြည့်တဲ့အတွက် ကျောင်းတွေလည်း ပိတ်ထားရပါတယ်” ဟု မင်းပြားမြို့မှ ဒေသခံ ဦးသန်းအောင်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းပေါ်တွင် တည်ရှိသည့် အမ်းတောင်ပေါ်မြို့နယ်တွင်လည်း တောင်ကျချောင်းရေများကြောင့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်နေသဖြင့် ကားများပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း၊ မနက်ပိုင်းက ကားအချို့ဖြတ်သန်းသွားနိုင်ခဲ့သော်လည်း ရေပြန်တက်လာခဲ့သဖြင့် ကားများပြန်လည် စောင့်ဆိုင်းနေကြရကြောင်း၊ ကားလမ်းရေကျော်နေသည်မှာ သုံးရက်တိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“အဓိကတော့ မဲလက်မောင်းဝန်းကျင်ပေါ့။ မနက်ပိုင်းကတော့ ကားကြီး ၈၀ လောက် ဖြတ်သွားတယ်။ နေ့လယ်ပိုင်းမှာ ရေပြန်တက်လာတော့ ကားတွေကလည်း မဖြတ်ရဲတော့ဘူး။ ကားတန်းကြီးတွေ စောင့်ဆိုင်းနေကြရပါတယ်။ လမ်းရေကျော်တာက အတော်များများမှာ ဖြစ်နေတာပါ။ ဒါပေမဲ့ တချို့နေရာတွေကျတော့ ဖြတ်လို့ရတယ်။ ဖြတ်လို့မရတာက နှစ်နေရာ၊ သုံးနေရာလောက်ပဲ ရှိပါတယ်။ ကားတွေအနေနဲ့လည်း သတိထားမောင်းနှင်ဖို့ လိုအပ်ပါတယ်” ဟု မဲလက်မောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဝေလင်းက ပြောကြားသည်။

အလားတူစွာပင် တောင်ကုတ်မြို့မ ဈေးအတွင်းသို့ ရေဝင်ရောက်မှုကြောင့် ဈေးဆိုင်ခန်းများ ပိတ်ထားရကြောင်း သိရသည်။