တိုင်းရင်းသား ဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တည်ဆောက်ပေးခြင်းထက် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးနှင့် စာပေယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန် ကယားပြည်နယ်မှ ကရင်နီလူငယ်များ တောင်းဆို

တိုင်းရင်းသား ဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တည်ဆောက်ပေးခြင်းထက် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးနှင့် စာပေယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန် ကယားပြည်နယ်မှ ကရင်နီလူငယ်များ တောင်းဆို
Published 25 July 2018

တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ တည်ဆောက်ပေးခြင်းထက် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးနှင့် စာပေယဉ်ကျေးမှုများကို ဖော်ဆောင်ပေးရန် ကယားပြည်နယ်မှ ကရင်နီလူငယ်များက တောင်းဆိုခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဇူလိုင် ၂၄ ရက်က Orchid Hotel တွင် ပြုလုပ်သော ကရင်နီလူငယ်များ၏ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဒေသခံတိုင်းရင်းသားတွေ ကန့်ကွက်နေရခြင်းမှာ ဗိုလ်ချုပ်ကို မုန်းလို့မဟုတ်ဘဲ ဗိုလ်ချုပ်ပေးခဲ့သော တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးတွေ မရရှိခြင်းကြောင့်သာ ကန့်ကွက်နေရခြင်း ဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးမှ လူငယ်ခေါင်းဆောင် မနော်ဖောဝါးက ပြောကြားသည်။

“ဗိုလ်ချုပ်ရုပ်တုထက်စာရင် တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးတွေ ဖော်ထုတ်ပေးရမယ်။ ကျွန်မတို့ရဲ့ စာပေယဉ်ကျေးမှုတွေ ပြန်ပြီးဖော်ထုတ် ပေးစေချင်တယ်။ ခုချိန်ဟာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေချိန်ဖြစ်လို့ ထိလွယ်ရှလွယ်မယ့် ကိစ္စတွေ မလုပ်သင့်ဘူး။ ဒေသခံ တိုင်းရင်းသားတွေ ကန့်ကွက်နေတဲ့ကြားက အတင်းလုပ်မယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုပါ  ထိခိုက်စေနိုင်တယ်။ ခုချိန်မှာ တိုင်းရင်းသားတွေရဲ့ အမျိုးသားရေး ယဉ်ကျေးမှုများ ဖျောက်ထားခံရတဲ့ သမိုင်းဆိုင်ရာ အချက်အလက်များ၊ စာပေများကို ဖော်ထုတ်ပေးသင့်တယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကို မလေးစားဘဲ ကိုယ်လုပ်ချင်ရာ လုပ်မယ် ဆိုရင်တော့ ဒီလိုပဲ ဆက်ပြီး ငြိမ်းချမ်းရေးက ဝေးနေမှာပဲ။ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်ရေးတွေရတဲ့ တစ်နေ့ကျရင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကျွန်မတို့ ကရင်နီလူငယ်တွေကိုယ်တိုင် တည်ဆောက်ပေးချင်တာပါ” ဟု ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးမှ လူငယ်ခေါင်းဆောင် မနော်ဖောဝါးက ပြောကြားသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ကရင်နီလူငယ်များနှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး ဇူလိုင် ၃ ရက်တွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြမှုကြောင့် ကရင်နီလူငယ် ၁၀ ဦး ဖမ်းဆီးခံထားရကြောင်း၊ ကယားပြည်နယ်ရှိ လူထုအကြား စိတ်ဝမ်းကွဲမှုများ မတည်မငြိမ် ဖြစ်စေမှုများ ဆက်လက်ဖြစ်ပွားခဲ့ပါက ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်သူများ၏ တာဝန်သာဖြစ်ကြောင်း ကရင်နီ လူငယ်များသမဂ္ဂမှ တာဝန်ခံ ကိုဥတ္တရာအောင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ကယားပြည်နယ် ဝန်ကြီးချုပ်ကို အယုံအကြည်မရှိလို့ ဒီကိစ္စကို မဆွေးနွေးတော့ဘူး။ ကြေးရုပ် တည်ဆောက်ရေးမှာပါတဲ့ အရပ်ဘက် လူမှုအဖွဲ့စည်းတွေနဲ့ ဆက်ပြီးပြေလည်အောင် ဆွေးနွေးသွားမယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကျွန်တော်တို့ ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဝင်ရောက် ဖြေရှင်းပေးစေချင်တယ်။ ထိပ်တိုက် ရင်ဆိုင်မှုတွေကိုတော့ ရှောင်သွားမှာပါ။ ဒါပေမဲ့လည်း ဝန်ကြီးချုပ်ရဲ့ စကားကိုတော့ ဘယ်သူက တာဝန်ယူမလဲ။ အခုစစ်တပ်ကလည်း သူတို့နဲ့မဆိုင်ဘူး  သတင်းထုတ်ပြန်တယ်။ အခြေခံ ဥပဒေကိုတောင် သေချာမသိတဲ့ ဝန်ကြီးချုပ်က သူ့စကားအမှားကို ပြန်လည် တောင်းပန်သင့်တယ်” ဟု ကိုဥတ္တရာအောင်က ဆိုသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်လက်မှတ်ပေါင်း ၄၀၀၀၀ ရရှိထားကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးတွင် သက်ဆိုင်သည့် ဌာနေတိုင်းရင်းသားများ ပါဝင်ပြီး အကောင်အထည် ဖော်သင့်ကြောင်း၊ ဆွေးနွေးမှုများကို ဝန်ကြီးချုပ်က သေချာမလုပ်ခဲ့သောကြောင့် ပြဿနာမှာ ပိုကြီးထွားလာခဲ့ရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးကို သက်ဆိုင်ရာက ရပ်တန့်ထားပြီး ကန့်ကွတ်သူများနှင့် ထောက်ခံသူများ ဆွေးနွေးညှိနှိုင်းပြီးမှသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။