နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ကျပ် ၁၄၃၀ အထိမြင့်တက်

နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ကျပ် ၁၄၃၀ အထိမြင့်တက်
Published 24 July 2018

ဇူလိုင် ၂၄ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ဒသမ ၆၂ ပွိုင့်အထိ ပြန်တက်ပြီး တရုတ်ယွမ်ငွေဈေး ဆက်ဆင်းကာ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် တစ်ဒေါ်လာ ကျပ် ၁၄၃၀ အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူူများထံမှ သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာပြန်မာလာပြီး အမေရိကန် ငွေတိုက်စာချုပ်အပေါ် ရင်းနှီးမြှုပ်နှံမှု အလားအလာ ကောင်းမွန်နေသည်။ ကမ္ဘာ့ဈေးကွက်အတွင်း ရွှေနှင့် ရေနံဈေးများ ကျဆင်းလျက်ရှိပြီး အမေရိကန်ဒေါ်လာမှာ အကောင်းမြင်ခံနေရဆဲ ဖြစ်သည်။ တရုတ်ယွမ်ငွေမှာ ဒေါ်လာနှင့် ယှဉ်လျှင် ဆက်လက် ကျဆင်းနေပြီး ဇူလိုင် ၂၄ ၇က်တွင် တစ်ဒေါ်လာ ၆ ဒသမ ၈၁ ယွမ်ဝန်းကျင် ဖြစ်နေကာ ကျပ် ၁၀၀ လျှင် ၀ ဒသမ ၄၇ ယွမ်ဝန်းကျင် ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပြည်တွင်းဈေးကွက် သမိုင်းတစ်လျှောက် အမြင့်ဆုံး ငွေလဲနှုန်းထားအဖြစ် ၁၄၃၈ ကျပ်အထိ ရောက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လ ဒုတိယပတ်မှ စတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်မှ ဇူလိုင် ၂၄ ရက်အထိ တစ်ဒေါ်လာ ၈၄ ကျပ်အထိ မြင့်တက်ခဲ့ကာ မြန်မာကျပ်ငွေ တန်ဖိုး ၆ ဒသမ ၂၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင် ၉၁ ဒသမ ၇၁ ပွိုင့်၊ မေ တွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင် ၂၄ ရက်တွင် ၉၄ ဒသမ ၆၂ ပွိုင့်အထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှ စတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံးဖြစ်ပေါ်ခဲ့ သည်။

ပြည်တွင်းဈေးကွက်တွင် ဇွန်လလယ်မှ စ၍ ဒေါ်လာဈေး သိသိသာသာ စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် ဇွန် ၂၀ ရက်တွင် ၁၃၆၈ ကျပ်၊ ဇွန်၂၈ ရက်တွင် ၁၄၀၇ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။ဇူလိုင် ၁ ရက်တွင် ၁၃၈၄ ကျပ်အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ကျပ် ၁၄၀၀ ၊ ဇူလိုင် ၁၁ ရက်တွင် ၁၄၀၆ ကျပ်၊ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၁၄၁၀၊ ဇူလိုင် ၁၆ ရက်တွင် ၁၄၁၁ ကျပ်၊ ဇူလိုင် ၁၇ ရက်တွင် ၁၄၁၅ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ၁၄၂၆ ကျပ်၊ ဇူလိုင် ၂၀ ရက်တွင် ၁၄၂၉ ကျပ်၊ ဇူလိုင် ၂၄ ရက်တွင် ကျပ် ၁၄၃၀ အထိ မြင့်တက်ခဲ့သည်။ ဇူလိုင် ၂၄ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ ကျပ် ၁၄၂၄ ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇူလိုင် ၂၄ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၆၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၄၈ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၈ ကျပ်၊ ထိုင်းဘတ် ၄၃ ဒသမ ၂၀ ကျပ်၊ တရုတ်ယွမ် ၂၁၀ ဒသမ ၅ ကျပ်၊ ဂျပန်ယန်း ၁၂ ဒသမ ၇၀ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၃၇ ကျပ် ဖြစ်သည်။

Most Read

Most Recent