KNU/KNLA (PC) အဖွဲ့မှ ၂၃ ဦး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်

KNU/KNLA (PC) အဖွဲ့မှ ၂၃ ဦး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
Published 19 July 2018

KNU/KNLA (PC) အဖွဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးဌာနမှ ဒုတိယတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ စောဒွေးအောင်ဦးစီးသည့် ၂၃ ဦးတို့သည် သာမန်ပြည်သူဘဝဖြင့် အေးချမ်းစွာ နေထိုင်လိုခြင်း၊ မိသားစုဘ၀ တိုးတက်ရေးအတွက် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်လိုခြင်းတို့ကြောင့် ဇူလိုင် ၁၈ ရက် နံနက် ၁၁ နာရီတွင် ဘားအံမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်သို့ ၎င်းတို့ကိုင်ဆောင်သော လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့်အတူ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယင်းနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါအဖွဲ့အား ဘားအံမြို့ရှိ နယ်မြေ ခံတပ်ရင်းခန်းမတွင် ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး ရန်နောင်စိုးတို့က ကြိုဆို၍ အမှာစကားပြောကြားပြီး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လက်ခံခဲ့ကြောင်း၊ စောဒွေးအောင်ကလည်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် စောဒွေးအောင်ဦးစီးအဖွဲ့ဝင်များအား ဘားအံမြို့နှင့် မြိုင်ကလေးမြို့တို့ရှိ နယ်မြေခံတပ်များ၌ ယာယီအခြေပြု နေထိုင်နိုင်ရေး အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။