နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်တို့ တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်တို့ တွေ့ဆုံ
Published 19 July 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးသို့ သွားရောက်ခဲ့ပြီး အဆိုပါ အဖွဲ့ရုံးဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံစဉ် အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံ အမတ်ကြီး ဦးညွန့်မောင်ရှိန်က နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားရှိသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် အာဆီယံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့များဆိုင်ရာ ကွန်ရက် (ASEAN-ISIS) ၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုများ၊ အရှေ့အာရှပညာရှင်များဆိုင်ရာကွန်ရက် Network of East Asia Think Thanks (NEAT) ၏ ၂၀၁၈ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုများ၊ အဖွဲ့၏ အနာဂတ် မျှော်မှန်းချက်နှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် အကြံပြုချက်များဖြင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးလိုသည့်ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ပြန်လည် ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ရန် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်မှ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရုံးသို့ သွားရောက်စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရုံး၏ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းများကို သံတမန်စွမ်းရည် မြင့်မားရေး၊ လုပ်ငန်းတာဝန်များ ကျွမ်းကျင်စွာဆောင်ရွက်သွားရေးနှင့် သံရုံးများနှင့် ပိုမိုထိတွေ့ ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။