အာဆင်နယ်အသင်းတွင် (၂၂)နှစ်ကြာ နေထိုင်ခဲ့ခြင်းမှာ အကြီးမားဆုံးအမှားဖြစ်သည်ဟု နည်းပြဟောင်း အာစင်ဝင်းဂါး ဝန်ခံ

အာဆင်နယ်အသင်းတွင် (၂၂)နှစ်ကြာ နေထိုင်ခဲ့ခြင်းမှာ အကြီးမားဆုံးအမှားဖြစ်သည်ဟု နည်းပြဟောင်း အာစင်ဝင်းဂါး ဝန်ခံ
Published 18 July 2018

Photo: RTL

အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက အာဆင်နယ်အသင်းတွင် (၂၂)နှစ်ကြာ ကိုင်တွယ်နည်းပြခဲ့သည်မှာ ၎င်း၏ဘဝတစ်လျှောက် အကြီးမားဆုံးအမှားဖြစ်ကြောင်း ဂျာမန်ရုပ်သံလိုင်း RTL နှင့် တွေ့ဆုံရာတွင် ဝန်ခံပြောကြားခဲ့သည်။

အသက် (၆၈)နှစ်အရွယ်ရှိ အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ၁၉၉၆ မှ ၂၀၁၈ ခုနှစ်အထိ (၂၂)ကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၃)ကြိမ်နှင့် FA ဖလား (၇)ကြိမ် ရယူပေးနိုင်ခဲ့ကာ ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်းကို ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံ ဖြစ်စေခဲ့သူ ဖြစ်သည်။

RTL ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူ ခရစ္စတိန်းကယ်လီက ဘဝတွင် အကြီးမားဆုံးအမှားကို မေးမြန်းခဲ့ရာ အာစင်ဝင်းဂါးက "အသင်းတစ်သင်းတည်းမှာ (၂၂)နှစ်ကြာ နေထိုင်ခဲ့တာ
ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ဟိုဒီသွားရတာကို နှစ်သက်သူဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း ကြိုက်ပါတယ်။ အာဆင်နယ်မှာတုန်းကတော့ ကျွန်တော့်ဟာ ကိုယ်ပိုင်စိန်ခေါ်မှုတွေနဲ့ အကျဉ်းကျနေခဲ့တာပါ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် အာစင်ဝင်းဂါးက အာဆင်နယ်အသင်းကို နှစ်ပေါင်းများစွာကိုင်တွယ်နိုင်ရန်စွန့်လွှတ်အနစ်နာခံရမှုများစွာ ရှိခဲ့ပြီး ယင်းအတွက် နောင်တရမိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

"အာဆင်နယ်အသင်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်ဖို့အတွက် ကျွန်တော် ရင်းခဲ့ရတာတွေ အများကြီးပါ။ အဲဒါအတွက် နောင်တရမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကြောင့် ကျွန်တော့်အနီးအနားလူတွေ နာကျင်ခဲ့ရပါတယ်။ ကျွန်တော်ဟာ အာဆင်နယ်အသင်းမှ အာရုံစိုက်ခဲ့တာကြောင့် မိသားစုတွေ၊ ချစ်ခင်ရသူတွေအားလုံးကို လစ်လျူရှုခဲ့မိပါတယ်"ဟု ပြောကြားခဲ့သည်။