ထားဝယ်အထူး စီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ ထားဝယ်-ထီးခီးနယ်စပ် နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန် သဘောတူပြီးဖြစ်၍ ထိုင်းနိုင်ငံမှ ချေးငွေရယူရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိ

ထားဝယ်အထူး စီးပွားရေးဇုန်နှင့်စပ်လျဉ်း၍ ထားဝယ်-ထီးခီးနယ်စပ် နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန် သဘောတူပြီးဖြစ်၍ ထိုင်းနိုင်ငံမှ ချေးငွေရယူရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိ
Published 17 July 2018

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ထားဝယ်-ထီးခီးနယ်စပ် နှစ်လမ်းသွားကားလမ်းဖောက်လုပ်ရန် သဘောတူပြီး ဖြစ်၍ထိုင်းနိုင်ငံမှ ချေးငွေရယူရေးကိုလည်း ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်၍ ချေးငွေဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သာမက တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)  နှင့်ပူးပေါင်း၍ လေ့လာမှုများပြုလုပ်နေကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သော ထိုင်းနိုင်ငံနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံအစိုးရက သက်သာသောချေးငွေဖြင့် တည်ဆောက်ရန် ကမ်းလှမ်းထားခဲ့သဖြင့် အဆိုပါ ချေးငွေရယူတည်ဆောက်နိုင်ရေး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လမ်းအူကြောင်း ပြန်လည်စိစစ်တိုင်းတာခြင်းအား မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ  Department of Highways (DOH) တို့က ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါလမ်း တည်ဆောက်မှုသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် များစွာအထောက်အကူပြုမည့် စီမံကိန်းဖြစ်သည့်အပြင် ဒေသခံများအတွက်လည်း များစွာအကျိုးဖြစ်ထွန်းမည့် စီမံကိန်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာ-ထိုင်း -ဂျပန်တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ရေးအတွက် မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံမှ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် Special Purpose Vehicle (SPV) တွင် ပါဝင်ဆောင်ရွက်ရန်၊ ပင်မစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် Master Plan အား အသေးစိတ်ရေးဆွဲရန်၊ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ- ထိုင်းနယ်စပ်သို့ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေးအတွက်  Feasibility Study  ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ကိစ္စများအား ထည့်သွင်းစဉ်းစား၍ ပူးပေါင်းဆောင်ရွက်ရန် အချက်များပါဝင်သော Memorandum of Intent (MOI) ကို လက်မှတ်ရေးထိုးခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် မြန်မာအထူးစီးပွားရေးဇုန်ဗဟို အဖွဲ့က သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြင်ပပညာရှင်များ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဦးစီးဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent