ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် IOM ပူးပေါင်းလုပ်ဆောင်မည်

ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် IOM ပူးပေါင်းလုပ်ဆောင်မည်
Published 15 July 2018

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးအား တွေ့ရစဉ်

ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (International Organization for Migration, IOM) တို့ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေဖို့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့အတူ ဆောင်ရွက်နေပါတယ်။ လက်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသတွေ၊ ကချင်၊ ရခိုင်ပြည်နယ်တွေအပြင် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းသွားလာ နေထိုင်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးဖို့ကိုလည်း ဇူလိုင် ၁၂ ရက်က နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေး ထားပါတယ်” ဟု IOM မှ ညွှန်ကြားရေးမှူးချုပ် Mr.William Lacy Swing ကပြောကြားသည်။

ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာစေရေးအတွက် မတ်လအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် IOM အဖွဲ့မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Maria Nentte Motus ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် ရွှေ့ပြောင်းနေထိုင် သူများအတွက် ကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ် ပေါ်ထွက်လာရေး အပါအဝင် IOM အဖွဲ့နှင့် ရေးထိုးထားသော လက်ရှိနားလည်မှု စာချွန်လွှာတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်အချို့ ထပ်မံပါဝင်နိုင်ရေး၊ လက်ရှိနားလည်မှု စာချွန်လွှာအား သက်တမ်းတိုးရာ၌ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေး လုပ်ငန်းများ ယခုထက်ပိုမို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ IOM အဖွဲ့မှ အာဆီယံနိုင်ငံများ အဆင့်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုနှင့် နိုင်ငံဖြတ်ကျော် ကူးစက်တတ်သော ရောဂါများ ကင်းဝေးနိုင်ရေး ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် တုပ်ကွေးရောဂါ ကမ္ဘာ့ကပ်အသွင် ဖြစ်ပွားမှုဆိုင်ရာ တုံ့ပြန်ရေး စီမံချက်ကို ရေးဆွဲလုပ်ဆောင်လျက်ရှိပြီး အသစ်ပြန်လည် ရေးဆွဲထားသည့် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေကိုလည်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း၊ ၂၀၁၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေး ညီလာခံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက် ၂၀၀၅ နှင့်အညီ နိုင်ငံအလိုက် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး ကြိုတင်ပြင်ဆင်ကြရန်၊ နိုင်ငံအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် တိုက်တွန်းထားကြောင်း၊ သဘာဝဘေး (သို့မဟုတ်) လူနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ် တုံ့ပြန်နိုင်ရေးအတွက် ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချမှု အစီအစဉ်အား ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ချမှတ် ဆောင်ရွက်ထားကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကူးစက်ရောဂါ ကာကွယ်စောင့်ကြည့် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအား ပြန်လည် ဆန်းစစ်လေ့လာခြင်း Joint External Evaluation လုပ်ငန်းကို ၂၀၁၇ ခုနှစ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။