ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျနိုင်မည့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဖြင့် ငါးမင်းဆွေ ဖမ်းဆီးခံရ

ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျနိုင်မည့် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဖြင့် ငါးမင်းဆွေ ဖမ်းဆီးခံရ
Published 13 July 2018

ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ပုဒ်မ-၁၂၄ (က) ဖြင့် လှိုင်မြို့နယ် လှိုင်မြင့်မိုရ်အိမ်ရာ မာဃလမ်း ၁၀ ရပ်ကွက်နေ ငါးမင်းဆွေအား ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လာရောက် ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးမင်းဆွေ ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်၍ မိသားစုဝင် တစ်ဦးက “ဘယ်သူက တရားလို ပြုလုပ်လို့ လာဖမ်းတာကို မသိရဘူး။ ရဲက စာရွက်တော့ ပြတယ်။ အဲဒီစာရွက်ကို သိချင်လို့ ဓာတ်ပုံရိုက်ဖို့ ပြောတော့ ပေးမရိုက်ဘူး။ အဲဒီစာထဲမှာ ဘာတွေ ရေးထားလဲဆိုတာ သေချာမမြင်လိုက်ရဘူး။ သူ့ကို ပုဒ်မ- ၁၂၄ (က) နဲ့ စွဲတယ်ဆိုတာ ကိုတော့ သိရတယ်။ မနက်ကို လှိုင်တရားရုံးမှာ ရုံးထုတ်မယ်လို့ သိရတယ်”ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ရဲစခန်းကို မေးကြည့်တော့ အနောက်ပိုင်းခရိုင် တွဲဖက်ခရိုင် တရားသူကြီးက ဖမ်းဝရမ်းထုတ် ဖမ်းတာလို့ သိရတယ်။ တရားလိုတော့ မသိသေးဘူး။ မနက်ဖြန်မှာ ဖမ်းဝရမ်း အတည်ပြုမယ်။ ပုဒ်မကတော့ ၁၂၄(က) ဖြစ်တယ်။ အကြည်ညိုပျက်စေမှု ဖြစ်တယ်”ဟု ပြောကြားသည်။

ငါးမင်းဆွေ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်မြို့မရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာ “ဖြစ်စဉ်ကို ယူချင်ရင် တိုင်းရဲတပ်ဖွဲ့မှာ သွားယူပါ။ ကျွန်တော်တို့ အကုန်လုံး တိုင်းကို တင်ပြထားပြီးသားပါ။ တိုင်းကို မေးလိုက်ပါ”ဟု ပြန်လည်ဖြေကြားသည်။

ပုဒ်မ-၁၂၄(က) မှာ မည်သူမဆို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော် လည်းကောင်း၊ မလေးမစားအောင်သော် လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ငွေနှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent