ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ပြေလည်မှုမရရှိသည့်အတွက် အင်ပါယာ တစ်ရှူးစက်ရုံ အလုပ်သမားများက တရားစွဲဆိုမည်ဖြစ်ကြောင်း ရှင်းလင်း

ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ပြေလည်မှုမရရှိသည့်အတွက် အင်ပါယာ တစ်ရှူးစက်ရုံ အလုပ်သမားများက တရားစွဲဆိုမည်ဖြစ်ကြောင်း ရှင်းလင်း
Published 13 July 2018

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဂရပ်ကွက်ရှိ အင်ပါယာတစ်ရှူးစက်ရုံတွင် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ပါ အချက်များအား အလုပ်ရှင်ဘက်က ဖောက်ဖျက်ခဲ့ခြင်း၊ လုပ်သားများ သဘောမတူသည့် စည်းကမ်းချက်များကို ထပ်တိုးချမှတ်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ယခုလ ၂ ရက်မှ စတင်ကာ စက်ရုံတွင်းထိုင်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ပြေလည်မှုမရရှိသည့်အတွက် အင်ပါယာတစ်ရှူး စက်ရုံအလုပ်သမားများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့ မီဒီယာစင်တာတွင် ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် (EC) ကို ကျွန်တော်တို့ အလုပ်သမား ဦးစီးအရာရှိရှေ့မှာ သဘောတူခဲ့ကြပေမဲ့ အလုပ်ရှင်က ကျွန်တော်တို့ရဲ့ သဘောတူညီချက်ရယူခြင်းမရှိဘဲ အခြားစည်းကမ်းတွေ၊ ဥပမာ အဆောင်မှာနေတဲ့သူတွေ ဖယ်ရှားပေးဖို့ လိုအပ်လာရင် သုံးလကြိုတင်အကြောင်းကြားမယ်။ သုံးလပြည့်ရင် အဆောင်မှာနေတဲ့သူတွေက ဖယ်ပေးရမယ်ဆိုတဲ့ စည်းကမ်းတွေ အသစ်ထပ်ထည့်တယ်။ အဆောင်မှာနေတဲ့သူ အများစုက ကျွန်တော်တို့အခြေခံအလုပ်သမား အဖွဲ့အစည်းဖြစ်တဲ့ တက်လမ်းအင်ပါယာ အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်တွေ ဖြစ်ပါတယ်။ အလုပ်ရှင်က အဲဒါကို ဖြိုခွဲချင်လို့ ဒီလိုစည်းကမ်းထုတ်တယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဒါကို အကြိမ်ကြိမ် ညှိကြတယ်။ အဆင်မပြေတာနဲ့ စက်ရုံလုပ်သားတွေနဲ့ စက်ရုံထဲမှာပဲ ဒီလဆန်းပိုင်းက ထိုင်သပိတ် ဆန္ဒထုတ်ဖော်တယ်။ မြို့နယ်ရုံးမှာ ညှိနှိုင်းကြတဲ့အခါ အလုပ်ရှင်ဘက်က သူ့ကိုတရားစွဲချင်စွဲပါ။ သူ့ဘက်ကတော့ လိုက်လျောမပေးနိုင်ဘူးလို့ အကြောင်းပြန်လို့ အခုလို တရားစွဲဖို့ လုပ်ရတာဖြစ်ပါတယ်။ အလုပ်ရှင်ဘက်က စာချုပ်ကို ဖောက်ဖျက်တာဖြစ်လို့ အလုပ်သမားဦးစီးဌာနက တရားစွဲမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကို အဓမ္မ ဖိအားပေးခိုင်းစေတယ်။ သမဂ္ဂကို ဖြိုခွဲဖို့လုပ်တာတွေကြောင့် ကျွန်တော်တို့ တစ်ပတ်စောင့်ကြည့်မှာဖြစ်ပြီး ဌာနဘက်ကမစွဲပေးရင် ကျွန်တော်တို့ အလုပ်သမားတွေကနေ တရားစွဲသွားမှာ ဖြစ်ပါတယ်” ဟု တက်လမ်းအင်ပါယာ အခြေခံအလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး ဦးတင့်စိန်က ပြောကြားသည်။

အင်ပါယာတစ်ရှူးစက်ရုံတွင် အလုပ်သမား ၈၀ ကျော်ရှိပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅၀ ကျော်ရှိကြောင်း၊ ထိုင်သပိတ် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရာတွင် အလုပ်သမား ၄၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။