တွံတေးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား ညှဉ်းပန်းနှိပ်စက် သတ်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးအမှုမှ တရားလိုဖြစ်သူကို စတင်စစ်ဆေး

တွံတေးမြို့နယ်တွင် အိမ်အကူ အမျိုးသမီးအား ညှဉ်းပန်းနှိပ်စက် သတ်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးအမှုမှ တရားလိုဖြစ်သူကို စတင်စစ်ဆေး
Published 12 July 2018

အိမ်အကူ အမျိုးသမီးအား ညှဉ်းပန်းနှိပ်စက် သတ်ခဲ့သည်ဟု ဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးအမှု ရုံးချိန်းကို တွေ့ရစဉ်

တွံတေးမြို့နယ်တွင် အိမ်အကူအမျိုးသမီးအား ညှဉ်းပန်းနှိပ်စက် သတ်ခဲ့သည်ဟုဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးအမှုမှ တရားလိုဖြစ်သူ အုတ်ဖိုကျေးရွာမှ ရာအိမ်မှူးအား တောင်ပိုင်းခရိုင်တရားရုံး၌ ဇူလိုင် ၁၁ ရက်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရုံးချိန်းတွင် တရားလိုဖြစ်သူ အုတ်ဖိုကျေးရွာမှ ရာအိမ်မှူး ဦးအေးသောင်းအား နှစ်ဖက်ရှေ့နေများက ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။

“ဒီနေ့ကတော့ တရားလိုဖြစ်တဲ့သူကို စစ်ဆေးပါတယ်။ စစ်ဆေးရာမှာ တရားလိုက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာကို တရားရုံးမှာ အကျယ်တဝင့် ထွက်ဆိုပါတယ်။ သူက သာမန်လူ တစ်ယောက်ဆိုတော့ တစ်ဖက်ရှေ့နေရဲ့ မေးမြန်းချက်တွေကို ဖြေဆိုရာမှာ အခက်အခဲ နည်းနည်းတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားလိုရဲ့ ထွက်ဆိုချက်တွေကို အားရပါတယ်” ဟု သေဆုံးသူ အိမ်အကူ အမျိုးသမီးဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေ တစ်ဦးက ပြောကြားသည်။

ရုံးချိန်းအား လာမည့် ဇူလိုင် ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးအား စစ်ဆေးမည် ဖြစ်သည်။

ဇူလိုင် ၁၁ ရက် ရုံးချိန်းတွင် ယခင်ရုံးချိန်းကဲ့သို့ ရဲတပ်ဖွဲ့အင်အား အများအပြားဖြင့် ရုံးမထုတ်ခဲ့သော်လည်း ဖမ်းဆီးခံထားရသူ ဥပဒေအရာရှိ အမျိုးသမီးမှာ ၎င်း၏မျက်နှာ မမြင်စေရန် Mask တပ်ဆင်ခြင်းနှင့် ဦးထုပ်ဆောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ် ခတ္တိယတိုက်နယ် ခတ္တိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာတွင် နေထိုင်သည့် မကရင်မသည် ြပ်ီးခဲ့သည့် ခြောက်လခန့်က လှည်းကူးမြို့နယ် အင်းတိုင်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၁၈ ခုနှစ် မေ ၁၉ ရက် နေ့လယ်ပိုင်းတွင် မကရင်မ အလုပ်လုပ်ကိုင်နေသည့် နေအိမ်မှ အိမ်ရှင် အမျိုးသမီးဖြစ်သည့် ဥပဒေအရာရှိမှာ မကရင်မနှင့်အတူ အုတ်ဖိုကျေးရွာသို့ ရောက်ရှိလာပြီး အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ရာအိမ်မှူးများကို ခေါ်ပြီး အိမ်အကူအမျိုးသမီးမှာ နေမကောင်းခြင်းကြောင့် ပြန်ပို့ခြင်း ဖြစ်ကြောင်း ပြောဆိုပြီး လူနာကို ကောင်းမွန်စွာ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

ယင်းနောက် အိမ်ရှင်အမျိုးသမီး ပြန်သွားသည့်အချိန်တွင် အိမ်နီးချင်းများက မကရင်မ၏ ရောဂါအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရာ အဆိုပါ အိမ်ပိုင်ရှင် ဥပဒေ အရာရှိအမျိုးသမီးက ဆွဲကြိုးခိုးသည်ဟု စွပ်စွဲပြောဆိုပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပျဉ်ဖြင့် ထုခြင်းတို့ ပြုလုပ်ခဲ့ပြီး လည်ပင်းနှင့် နောက်ကျောတို့တွင် ဒဏ်ရာများ ရရှိကာ ၎င်းအား ဆေးရုံပို့ပေးရန် အိမ်နီးချင်းများကို ပြောဆိုခဲ့ပြီးနောက် ဆေးရုံသို့ပို့ ဆောင်ရန် ပြင်ဆင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တွံတေးမြို့နယ် ခလောက်ချိုက်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။