၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်လေဆိပ်သို့ ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှုတွင် ဘန်ကောက်နှင့် စင်ကာပူမှ လူနာတင် လေယာဉ်ဆင်းသက်မှု ၇၄ ကြိမ်ရှိပြီး စီးပွားရေးအရ လာရောက်သည့် လေယာဉ်ဆင်းသက်မှု ၈၅ ကြိမ် ရှိခဲ့

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်လေဆိပ်သို့ ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှုတွင် ဘန်ကောက်နှင့် စင်ကာပူမှ လူနာတင် လေယာဉ်ဆင်းသက်မှု ၇၄ ကြိမ်ရှိပြီး စီးပွားရေးအရ လာရောက်သည့် လေယာဉ်ဆင်းသက်မှု ၈၅ ကြိမ် ရှိခဲ့
Published 8 July 2018

ရန်ကုန်လေဆိပ်ရှိ Myanmar MJETS Business Aviation Centre ကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်လေဆိပ်သို့ ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှုတွင် ဘန်ကောက်နှင့် စင်ကာပူမှ လူနာတင်လေယာဉ် ဆင်းသက်မှု ၇၄ ကြိမ်ရှိပြီး စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှု ၈၅ ကြိမ်ရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရန်ကုန်လေဆိပ်ရှိ နိုင်ငံတကာမှ ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များကိုသာ ဝန်ဆောင်မှုပေးသည့် Myanmar MJETS Business Aviation Centre ၌ ဆင်းသက်ခဲ့သည့် ကိုယ်ပိုင်လေယာဉ် ၁၅၉ စင်းတွင် စီးပွားရေးကိစ္စဖြင့် ဆင်းသက်သည့် လေယာဉ်ဆင်းသက်မှု ၈၅ ခေါက်၊ လူနာတင် လေယာဉ်ဆင်းသက်မှု ၇၄ ခေါက် အသီးသီးရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ Myanmar MJETS Business Aviation Centre မှာ ၂၀၁၇ ခုနှစ်မှာ စီးပွားရေးကိစ္စနဲ့ ဆင်းသက်တဲ့ လေယာဉ်ဆင်းသက်မှု ၈၅ ခေါက်၊ လူနာတင် လေယာဉ်ဆင်းသက်မှု ၇၄ ခေါက်ရှိခဲ့ပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ စီးပွားရေးအရ လာရောက်တဲ့ လေယာဉ်ဆင်းသက်မှု အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ဘန်ကောက်နဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ ဆေးရုံတွေက မြန်မာနိုင်ငံက လူနာတွေကို လာရောက်ခေါ်ဆောင်တဲ့ လူနာတင် လေယာဉ်ဆင်းသက်မှု အများဆုံး ဖြစ်ခဲ့ပါတယ်” ဟု MJETS မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ခြောက်လတာအတွင်း ရန်ကုန်လေဆိပ်သို့ ကိုယ်ပိုင်လေယာဉ် ၇၄ စင်း လာရောက်ခဲ့ပြီး စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင်လေယာဉ်ဆင်းသက်မှုမှာ ၃၃ ခေါက်ရှိကာ လူနာတင်လေယာဉ် ဆင်းသက်မှု ၄၁ ခေါက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်သည့် ခရီးသည်များအနေဖြင့် ရန်ကုန်လေဆိပ် အဆောက်အုံအား အသုံးပြုရန် မလိုဘဲ သီးသန့်နားနေ ထွက်ခွာနိုင်မည့် Myanmar MJETS Business Aviation Centre အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၄ သြဂုတ် ၁ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

နိုင်ငံတကာမှ ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များ သီးသန့်အသုံးပြုနိုင်မည့် Myanmar MJETS Business Aviation Centre ဖွင့်လှစ်ပြီး ကိုယ်ပိုင်လေယာဉ်များ လာရောက်ရာတွင် မြန်မာနိုင်ငံမှ လူနာအား ပြည်ပသို့ လာရောက် ခေါ်ဆောင်ပေးသည့် လူနာတင်လေယာဉ် ဆင်းသက်မှုများ၊ စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင်လေယာဉ်များ၊ အလည်အပတ် ခရီးလာရောက်သည့် ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များ၏ လေယာဉ်များနှင့် နည်းပညာအရ ခေတ္တဆင်းသက်ရသည့် လေကြောင်းခရီးစဉ်များ ပါဝင်ခဲ့သည်။

Myanmar MJETS Business Aviation Centre သည် ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသည်များ ရန်ကုန်လေဆိပ်အဆောက်အအုံကို အသုံးပြုရန်မလိုဘဲ အဆိုပါ စင်တာ၌ပင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် လုပ်ငန်းစဉ်များ အပါအဝင် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တစ်ပါတည်း ပြုလုပ်၍ သီးသန့် ထွက်ခွာနိုင်မည် ဖြစ်သည်။

Myanmar MJETS Business Aviation Centre အနေဖြင့် ကိုယ်ပိုင်လေယာဉ်ထားရှိ၍ စင်းလုံးငှားလေယာဉ်နှင့် လူနာတင်ယာဉ် ဝန်ဆောင်မှု (Air Charter & Air Ambulance) အား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

Myanmar MJETS Business Aviation Centre သည် နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် Joint Operation အနေဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာ့လေကြောင်းမှ လေယာဉ်ရုံ အဆောက်အုံအား ငှားရမ်း၍ (MMBAC) အဆောက်အုံအား တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent