အသေးစားချေးငွေများကို တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများအား အသင်းအဆင့်လမ်းကြောင်းမှတစ်ဆင့် စနစ်တကျ အမြန်ဆုံးထုတ်ချေးရန် ဒုတိယသမ္မတ ပြောကြား

အသေးစားချေးငွေများကို တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများအား အသင်းအဆင့်လမ်းကြောင်းမှတစ်ဆင့် စနစ်တကျ အမြန်ဆုံးထုတ်ချေးရန် ဒုတိယသမ္မတ ပြောကြား
Published 8 July 2018

ဇူလိုင် ၇ ရက်က ပြုလုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားစဉ်

အသေးစား အရင်းအနှီးချေးငွေများကို တိုင်းဒေသကြီးပြည်နယ်အတွင်းရှိ  သမဝါယမအသင်းသားများအား အသင်းအဆင့် လမ်းကြောင်းမှတစ်ဆင့် စနစ်တကျ အမြန်ဆုံးထုတ်ချေးရန် ဇူလိုင် ၇ ရက်က ပြုလုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

နဝမအကြိမ်မြောက် တာဝန်ကျေပြန်လည်ပေးဆပ်ပြီးသည့် စိုက်ပျိုးရေး သမဝါယမ အသင်းသားများအတွက် (၁၀) ကြိမ်မြောက်အဖြစ် အသေးစားအရင်းအနှီးချေးငွေ ကျပ် ၅၄၂ ဒသမ ၇၈၂ ဘီလျံ၊ စက်မှုလယ်ယာ စနစ်သို့ အဆင့်မြှင့်တင်ရန်လယ်ဧက၂၄၉၀၁ ဒသမ ၈၀ အတွက် ချေးငွေကျပ် ၇ ဒသမ ၁၈၇ ဘီလျံနှင့် မျိုးစေ့ထုတ် သမဝါယမအသင်းများသို့ ချေးငွေကျပ် ၁ ဒသမ ၁၅၈ ဘီလျံတို့ကို ဗဟိုသမဝါယမအသင်းမှတစ်ဆင့် အသင်းစုချုပ်များသို့ ချေးငွေများပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “ဒီချေးငွေများကိုလည်း မိမိတို့တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများအား အသင်းအဆင့်လမ်းကြောင်းမှ တစ်ဆင့် စနစ်တကျ အမြန်ဆုံး ဆက်လက်ထုတ်ချေးပေးသွားဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ အဲဒီလိုလယ်ယာကဏ္ဍမူဝါဒနဲ့ လုပ်ငန်းစဉ်များမှာ သမဝါယမကဏ္ဍက ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကလည်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုနေပါတယ်” ဟု ပြောကြားသည်။

တောင်သူလယ်သမားများအကျိုးစီးပွားမြှင့်တင်ရေးနှင့် စက်မှုလယ်ယာစနစ်ဖြစ်ထွန်း လာစေရေးအတွက်မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်စဉ်ဧက ၁၀၀၀၀ လျာထား သတ်မှတ်ခဲ့သော်လည်းအသင်းသားများ၏ အဆိုပြုတင်ပြချက်အရ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် လယ်ယာမြေ ၃၅၇၂၈ ဧက၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် လယ်ယာမြေ ၂၉၂၀၇ ဧကစုစုပေါင်းလယ်ယာမြေ ၆၄၉၃၅ ဧကပြုပြင်ခြင်းလုပ်ငန်းများအတွက် ချေးငွေ စုစုပေါင်းကျပ် ၁၉၃၆၅ ဒသမ ၉၂ သန်း ပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွက် လယ်မြေ ၂၄၉၀၁ ဧက ပြုပြင်ရန် ငွေကြေးလိုအပ်ချက်အဖြစ် ကျပ် ၇၂၆၇ ဒသမ ၅၆ သန်းကို ဗဟိုသမဝါယမအသင်းမှတစ်ဆင့် အသင်းအဆင့်ဆင့်ကို ထုတ်ချေးခဲ့ပြီး အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဆိုပါအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလကုန်အထိ သမဝါယမအသင်းပေါင်း ၄၀၅၅၄ သင်းနှင့် သမဝါယမအသင်းသား ၄,၂၄၉,၅၅၇ ဦးရှိကြောင်း သိရသည်။