ဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော်နှင့် တန်ဖိုး ဒေါ်လာသန်း ၂၅၀ ကျော် ပိုမိုတင်သွင်းထား

ဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ယခင်နှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော်နှင့် တန်ဖိုး ဒေါ်လာသန်း ၂၅၀ ကျော် ပိုမိုတင်သွင်းထား
Published 8 July 2018

သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်သုံးဆီအတင်အချဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန်ကိုးသောင်းကျော် ပိုမိုတင်သွင်းထားကာ အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် တန်ဖိုးအထိ ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“မနှစ်က တန်ချိန် ၇၀၈,၆၈၀၊ ဒီနှစ် တန်ချိန် ၈၀၃,၉၄၁၊ ဒီနှစ်က တန်ချိန် ကိုးသောင်းလောက် ပိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် တန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၈၈၅ ဒသမ ၃၁၀ သန်း အထိ တင်သွင်းထားပြီး ယခင်နှစ် ကာလတူတွင်မူ တန်ဖိုးငွေအမေရိကန်ဒေါ်လာ  ၆၂၉ ဒသမ ၅၃၀ သန်းသာ တင်သွင်းထားသည့်အတွက် ယခုဘဏ္ဍာနှစ်ကြားကာလ နှစ်လခွဲအတွင်း စက်သုံးဆီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၇၈၀ သန်းအထိ ပိုမိုတင်သွင်းထားခြင်းဖြစ်ကြောင်း သွင်းကုန်စာရင်းများအရ သိရသည်။

“စက်သုံးဆီက မနှစ်က ဒေါ်လာ ၆၂၉ ဒသမ ၅၃၀ သန်း၊ ဒီနှစ် ဒေါ်လာ  ၈၈၅ ဒသမ ၃၁၀ သန်း ၂၅၅ သန်းလောက် ပိုတယ်”  ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဓာတ်ဆီတန်ချိန် ၄၂၀,၇၉၈ ဒသမ ၆၀၈ အထိ တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၂၉၄  ဒသ မ ၃၀၇ သန်းအထိရှိပြီး ယခင်နှစ်ကာလတူတွင်မူ တန်ချိန် ၃၉၆,၀၆၂ အထိသာ တင်သွင်းထားကာ တန်ဖိုးဒေါ်လာ ၂၁၈ ဒသမ ၆၈၉ သန်းအထိသာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်အထိ ဒီဇယ် ၄၉၀ ဒသမ ၉၂၀ သန်းအထိတင်သွင်းထားပြီး ယခင်နှစ်ကာလတူတွင်မှု တန်ဖိုးဒေါ်လာ ၃၃၅ ဒသမ ၉၆၃ သန်းအထိသာ တင်သွင်းထားပြီး ယခုဘဏ္ဍာနှစ်ကြား ကာလနှစ်ခွဲတွင် တန်ဖိုး ဒေါ်လာ ၁၅၅ သန်းနီးပါးအထိ ပိုမို တင်သွင်းထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

နိုင်ငံတကာ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာဈေးနှုန်းမြင့်တက်မှုများကြောင့် မေလအတွင်းက ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာလည်း တစ်လီတာကို ကျပ်တစ်ရာခန့်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအသင်းမှ သိရသည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည် တစ်လအတွင်း တစ်လီတာကို ၁၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဆက်လက်ဖြစ်ပေါ်မည့် စက်သုံးဆီဈေးနှုန်း အတက်အကျကို မခန့်မှန်းနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

“ဒီနေ့ဈေးကို တန်ရာတန်ကြေးအောက်ကို လျှော့ပြီးရောင်းတဲ့သူဟာ သူ့ရဲ့ Idea ဘာရှိတယ်ဆိုတာ ကျွန်တော်လည်း မသိနိုင်ဘူး။ ဒီနေ့ နိုင်ငံခြားမှာ ဈေးတွေ တအားတက်နေတယ်။ အဲဒီဈေးတွေတက်တယ်ဆိုတာ မနက်ဖြန် ထပ်တက်ဦးမလားပြောတဲ့ သူက နံခြားထောက်ပြောတာပါ”  ဟု ဒေါက်တာဝင်းမြင့်က ဆိုသည်။

Most Read

Most Recent