လပွတ္တာမြို့တွင် အရက်ကြောင်နေသူတစ်ဦးက ကလေးငယ်တစ်ဦးအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

လပွတ္တာမြို့တွင် အရက်ကြောင်နေသူတစ်ဦးက ကလေးငယ်တစ်ဦးအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
Published 7 July 2018

လပွတ္တာမြို့ အမှတ်(၃)ရပ်ကွက်၊ ဝေဟဗ္ဗိုလ်ကွက်သစ်လမ်းတွင် ဇူလိုင် ၆ ရက် နံနက် ၆ နာရီခန့်က အရက်ကြောင်နေသူ အမျိုးသားတစ်ဦးက တူတော်စပ်သူ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ဓား ဖြင့်ခုတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာအဆိုပါနေ့ နံနက် ၂ နာရီခန့် တွင် ဝေဟဗ္ဗိုလ်ကွက်သစ်လမ်းနေ ကိုမင်းမင်း အဖ ဦးကျော်သိန်းက ညီဝမ်းကွဲတော်စပ်သူ ကိုသန့်ဇင်အောင် အဖဦးဝင်းရွှေ အသက် (၃၂နှစ်) သည် အရက်ကြောင်ကြောင်၍ ရပ်ကွက်အတွင်း ပတ်ပြေးနေသည်ကိုသိရှိရသောကြောင့် နေအိမ်သို့ သွားရောက်ခေါ်ဆောင်၍ ၎င်း၏ အိပ်ရာနံဘေးတွင် အိပ်ခိုင်းခဲ့ကြောင်း၊ နံနက် ၆ နာရီခန့်တွင် နေအိမ်ရှေ့ခန်းတွင် အိပ်ပျော်နေသည့် သားတော်စပ်သူ မောင်ရှိုင်းထက်ဇော် အသက်(၁၃နှစ်) ၏ အော်သံကို ကြားရသဖြင့် နေအိမ်အရှေ့ခန်းသို့ သွားရောက်ကြည့်ရှုရာတွင် နံနက်အစောပိုင်းက အရက်ကြောင်ကြောင်နေသောကြောင့် သွားရောက်ခေါ်ဆောင်ထားရသည့် ညီဝမ်းကွဲတော်စပ်သည့် ကိုသန့်ဇင်အောင်၏ လက်ထဲတွင် နေအိမ်တွင်အသုံးပြုသည့် အရိုး ရှစ်လက်မအသွား ၁၁ လက်မခန့်ရှိ သွေးစွန်းနေသော ဓားအား ကိုင်စွဲထားသည်ကို တွေ့ရှိရပြီး သားတော်စပ်သူ မောင်ရှိုင်းထက်ဇော် မှာ သွေးအိုင်ထဲတွင် လဲကျနေသည်ကိုတွေ့ ရှိရသောကြောင့် အနီးဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့ပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှတစ်ဆင့် ပြည်သူ့ဆေးရုံ ကြီးသို့ တင်ပို့ရာတွင် မောင်ရှိုင်းထက်ဇော်မှာ လည်ပင်းတွင် အလျားခုနစ်လက်မ၊ အကျယ် တစ်လက်မခန့် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“အရက်ကြောင်ပြီးတော့ ကလေးကို ရန်လုပ်ပြီး ဓားနဲ့ ခုတ်လိုက်မိတာပါ။ တရားခံကိုလည်း ဖမ်းဆီးနေပါပြီ”ဟု လပွတ္တာမြို့မ ရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ်တစ်ဦးက ပြောကြားသည်။

“ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လပွတ္တာ မြို့မရဲစခန်းမှ (ပ) ၁၄၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး ကျူးလွန်သည်ဟုယူဆရသူ ကိုသန့်ဇင်အောင်အား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent