မျိုးစေ့ဥပဒေပါအချက်များ လိုက်နာဆောင်ရွက်ခြင်းမရှိသော မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူရန် ဒီပဲယင်း ဒေသခံတောင်သူ ၁၅၀ ခန့် မုံရွာမြို့တွင် ဆန္ဒထုတ်ဖော်

မျိုးစေ့ဥပဒေပါအချက်များ လိုက်နာဆောင်ရွက်ခြင်းမရှိသော မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူရန် ဒီပဲယင်း ဒေသခံတောင်သူ ၁၅၀ ခန့် မုံရွာမြို့တွင် ဆန္ဒထုတ်ဖော်
Published 7 July 2018

မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူပေးရေးအတွက် တောင်သူ ၁၅၀ ခန့်က မုံရွာမြို့တွင် ဇူလိုင် ၆ ရက်က ဆန္ဒထုတ်ဖော်နေစဉ်

မျိုးစေ့ဥပဒေပါအချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိသော မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူပေးရေးအတွက် ဒီပဲယင်းမြို့နယ် တောင်သူ ၁၅၀ ခန့်က မုံရွာမြို့တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သိရသည်။

ဇူလိုင် ၆ ရက် နံနက် ၉ နာရီခန့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မုံရွာမြို့ဘောလုံးကွင်းမှ မြို့လည်ကောင်နာရီစဉ်အထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူပေးရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်းသည် ကုမ္ပဏီဘက်က နစ်နာဆုံးရှုံးခဲ့သည့် တောင်သူများအား လျော်ပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်တောင်းဆိုရာတွင် ဦးဆောင်သူ ဒီပဲယင်းမြို့နယ် သရက် ကန်အနောက်ရွာမှ ကိုသန်းငွေက ပြောကြားသည်။

“စပါးရိတ်သိမ်းချိန် ရက်ပေါင်းတစ်ရာ့နှစ်ဆယ် ကျော်ကုန်ပါပြီ။ ကုမ္ပဏီဆီကနေဝယ်တဲ့ ဆန်စပါးက ဘယ်လိုဖြစ်နေလဲဆိုတော့ စိုက်ပြီး ၄၅ ရက်လောက်မှာ တစ်ထပ် စပါးနှံ ထွက်သွားပါတယ်။ ထွက်သွားတဲ့စပါးနှံ တွေက အခုဆိုရင် ကုပ်တွေချိုးကျကုန်ပြီ။ အချို့စပါးအပင်တွေကတော့ ပုံမှန်အနေအထားအတိုင်း စပါးနှံတွေ ထွက်နေပါတယ်။ အချို့စပါးနှံကကျတော့ အခုမှ ပန်းပွင့်ရုံပဲရှိပါသေးတယ်။ အချို့စပါးအပင်က ကျတော့ အခုမှ လုံးခါစပဲရှိပါသေးတယ်။ စပါးအနှံ ထွက်မညီကြပါဘူး။ ကျွန်တော်တို့တောင်သူတွေရဲ့ နစ်နာမှုကတော့ စပါးအနှံရင့်တဲ့စပါးကို ရိတ်သိမ်းလိုက်ရင်လည်း အောက်က စပါးအနှံ မထွက်သေးတဲ့ ပန်းပွင့်တဲ့စပါးနှံတွေက ဆုံးရှုံးမယ်” ဟု ကိုသန်းငွေက ဆက်လက်ပြောကြားသည်။

ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းကတောင်သူအချို့သည် မန္တလေးဂရိတ်ဝေါ ကုမ္ပဏီကထုတ်လုပ်သည့် ပုလဲသွယ်ဆန်စပါးအား စိုက်ပျိုးခဲ့ကြကြောင်း ၎င်းကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် မျိုးစပါးကိုစိုက်ပျိုးခဲ့ခြင်းကြောင့် မျိုးစေ့မမှန်စပါးအပင်မသန်ဖြစ်နေကြောင်း ထို့ကြောင့် ဒီပဲယင်းမြို့နယ်အတွင်းက ဒေသခံတောင်သူလယ်သမားများသည် ဆုံးရှုံးနစ်နာမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ ကြောင်း ဒီပဲယင်းမြို့နယ် သရက်ကန်အရှေ့ ရွာမှ တောင်သူဖြစ်သူ ကိုရဲဝင်းက ဆိုသည်။

“ကုမ္ပဏီဘက်က တောင်သူတွေဆီကို အကြိမ်ကြိမ်အခါခါ လာရောက်ခဲ့ပေမဲ့ ကုမ္ပဏီဘက်က နေ့ရွှေ့ညရွှေ့နဲ့ချိန်းသွားတယ်။ ကုမ္ပဏီဘက်ကသူတို့သတ်မှတ်ထားတဲ့ရက်ကို ဒေသခံတောင်သူတွေဆီကိုလာခဲ့ပေမယ့် တောင်သူတွေအတွက် တိကျပြတ်သားတဲ့ အဖြေပေးတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ လယ်သမားတွေက မန္တလေးဂရိတ်ဝေါကုမ္ပဏီက ထုတ်လုပ်တဲ့ပုလဲသွယ်မျိုးစပါးတွေကို စိုက်ပျိုးမိပါတယ်။ အဲဒီပုလဲသွယ်မျိုး စပါးတွေက လုံးဝမှ အပင်မသန်တာတွေ ဖြစ်နေတယ်”ဟု ၎င်းက ပြောကြားသည်။

မျိုးစေ့ဥပဒေပါအချက်များကို လိုက်နာ ဆောင်ရွက်ခြင်းမရှိသော မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူပေးရေးအတွက် ဒီပဲယင်းမြို့နယ်တောင်သူ ၁၅၀ ခန့်က မုံရွာမြို့တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းသည် သက်ဆိုင်ရာရဲစခန်း၏ တရားဝင်ခွင့်ပြု အမိန့်ဖြင့် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာလမ်းလျှောက်တွင်တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲသားတောင်သူများအပေါ် မမှန်မကန်ဂုတ်သွေးစုတ် အမြတ်ထုတ်သော မန္တလေးဂရိတ်ဝေါကုမ္ပဏီ အလိုမရှိ၊ ဒီပဲယင်းတောင်သူများ၏ ဆုံးရှုံးနစ်နာမှုကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော မန္တလေး ဂရိတ်ဝေါကုမ္ပဏီအား အရေးယူဆောင်ရွက်ပေးရေး၊ ဈေးကြီးပေးဝယ်ရသော်လည်း မျိုးစေ့မှန်ကန်မှု၊ သက်တမ်းမှန်ကန်မှုမရှိသော မန္တလေးဂရိတ်ဝေါကုမ္ပဏီ ကျဆုံးပါစေ၊ မျိုး စေ့ဥပဒေပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော မန္တလေးဂရိတ်ဝေါကုမ္ပဏီအား စစ်ဆေးအရေးယူပေးရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ပိုမိုအလေးထားဆောင်ရွက်ပေးရေးဆိုသည့်   အချက်ခြောက်ချက်အား ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent