ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ရှုံးနိမ့်ပြီး ပြည်သူ့လွှတ်တော် မှတ်တမ်းတင်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ရှုံးနိမ့်ပြီး ပြည်သူ့လွှတ်တော် မှတ်တမ်းတင်
Published 25 August 2017

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက် လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို သြဂုတ် ၂၄ ရက်တွင် ပြည်သူ့လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းတင်ခဲ့သည်။

ယင်းအဆိုကို ရသေ့တောင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အဆိုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးရာတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များက အဆိုကို ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များက အဆိုနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုအပေါ် ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က အဆိုရှင် တင်ပြသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မြေချင်း ဆက်စပ်နေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသများမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးအရ မတည်မငြိမ် ဖြစ်နေသည်ဆိုသည်မှာ မြေပြင်အမှန် သတင်းအချက်အလက်များ ဖြစ်ကြောင်း၊ ယင်းပြဿနာများသည် ယခုမှ ပေါ်ပေါက်လာခြင်း မဟုတ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများသည် ယင်းပြဿနာ၏ အရင်းအမြစ်အထိ ရောက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိခဲ့သည့်အတွက် နာတာရှည်ရောဂါအနေဖြင့် တည်ရှိ ဆိုးရွားလာသည်မှာ ယနေ့အထိဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

“ရခိုင်ပြည်နယ်မှာ တည်ရှိနေတဲ့ သဘာ၀ သယံဇာတ အရင်းအမြစ်များနဲ့ ပထဝီနိုင်ငံရေးအရ အရေးပါလာမှုကြောင့်ပင် ဒီရခိုင်အရေးကို ပိုမိုရှုပ်ထွေး လာစေတာလည်း ဖြစ်ပါတယ်။ ပါဝင် ပတ်သက်သူတွေ များပြားလာတဲ့အပြင် ရခိုင်အရေး မတည်ငြိမ်ပါမှ နိုင်ငံရေးအရ အကျိုးအမြတ်ရှိမယ်လို့ ယူဆနေသူတွေ ကျွန်မတို့ရဲ့အနီးမှာပင် ရှိနေသေးတာကြောင့် ရခိုင်အရေးကို စေတနာအမှန်ဖြင့် အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်လိုသူများနဲ့ ရခိုင်ဒေသတွင်းမှ ထိခိုက်နစ်နာနေတဲ့ တိုင်းရင်းသားများ အားလုံး နိုင်ငံရေးသတိ အမြဲရှိစေလိုပါတယ်” ဟု ဒေါ်ပြုံးကေသီနိုင်က ဆွေးနွေးအကြံပြုသည်။

ထို့ပြင် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကို မည်သို့ အရေးယူမည်ကို ဖော်ပြခြင်းမရှိဘဲ နှစ်ဖက် လူ့အသိုင်းအဝိုင်း သဟဇာတဖြစ်ရေး၊ လူသားချင်း စာနာထောက်ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် စကားလုံးများကို တင်ပြထားခြင်းသည်လည်း ခုတ်ရာတခြား ရှရာတခြား ဖြစ်နေပြီး ဒေသခံ တိုင်းရင်းသားများကို နိုင်ငံသားစိစစ်မှုကိုပင် မခံယူသည့် ခိုးဝင်ဘင်္ဂါလီများနှင့် တစ်တန်းတည်း ထားကာ တန်းညှိလိုက်ခြင်းသည် တိုင်းရင်းသားများ၏ အခွင့်အရေးကို ချိုးဖောက် စော်ကားရာ ရောက်မနေဘူးလားဟု မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း၊ အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရခိုင်ပြည်သူများ တောင်းဆိုနေသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါအတိုင်း စိစစ်ပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့မှာ စိစစ်မခံသည့်အတွက် ရခိုင်ပြည်နယ်အတွင်း၌ ပိတ်လှောင်၍ ခရီးသွားလာခွင့်ကိုပါ ကန့်သတ်ထားသည့်အတွက် ပြဿနာဖြစ်ပေါ်လာပါက ရခိုင်ဒေသ၊ ရခိုင်တိုင်းရင်းသားများကသာ ခံနေရကြောင်းလည်း ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆွေးနွေးတင်ပြသည်။

အဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား မရရှိသေးသည့် မြို့၊ ရွာများကို နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေးစနစ်မှ ရယူဖြန့်ဖြူးပေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတို၊ရေရှည် အစီအမံများဖြင့် ဖြေရှင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

“ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့တဲ့အပြင် နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းတဲ့ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး ယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် တပ်မတော်နှင့် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ လက်အောက်ခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိပြီး နတ်မြစ်ကြောင်း လုံခြုံရေးအတွက် ပင်လယ်လှည့်ကင်းနဲ့ လုံခြုံရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာများနဲ့ အစွန်အဖျားကျေးရွာများမှာ အကြမ်းဖက်တိုက်ခိုက်မှု မခံရစေရေးအတွက် ရွာအနီး ပတ်ဝန်းကျင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲထားပြီး ချေမှုန်းရေး လက်နက်၊ ပစ်ကူ လက်နက်၊ အဓိကရုဏ်း လက်နက်များ မျှတစွာ ခွဲဝေထားတဲ့အပြင် စခန်းတစ်ခုနဲ့ တစ်ခု စစ်ကူ၊ ပစ်ကူ အပြန်အလှန် ပေးနိုင်ရေး စီမံဆောင်ရွက်ထားပြီး အကြမ်းဖက်သမားများ၏ သတင်းရရှိမှုအပေါ် မူတည်၍ နယ်မြေရှင်းလင်း ဆောင်ရွက်ရာမှာ နီးစပ်ရာ တိုင်းရင်းသားကျေးရွာများသို့ ခိုအောင်းနိုင်မှု မရှိစေရေး ကြိုတင်စီမံ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့က လိုအပ်သည့် ကော်မတီများ၊ အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည့်အပြင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများ ပူးပေါင်း ပါဝင်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အလေးထား ဆောင်ရွက်လျက် ရှိသည့်အတွက် ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို မှတ်တမ်းတင်သင့်ပါကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက တင်ပြသည်။

ထို့နောက် အဆိုရှင် ဒေါ်ခင်စောဝေက “ဒီအဆိုကို အတည်ပြုလိုက်ခြင်းအားဖြင့် လုံခြုံရေး လုပ်ဆောင်နေသူများကိုလည်း စိတ်ဓာတ်ရေးရာအရ စိတ်ခွန်အားကို တွန်းအားပေးသလို ဖြစ်စေပြီးတော့ နိုင်ငံတော်အစိုးရဘက်မှလည်း ကူညီထောက်ပံ့မှုများကို ပိုမိုလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ယင်းဒေသအတွင်း နေထိုင်ကြတဲ့ ဒေသခံ တိုင်းရင်းသားများကလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို ဖြစ်စေနိုင်ပါတယ်။ ဒီဖြစ်စဉ် အကြမ်းဖက်မှုများသည် ရခိုင်အရေး တစ်ခုတည်း မဟုတ်ဘဲ တစ်မျိုးသားလုံးအရေး၊ ပြည်ထောင်စုအရေး ဖြစ်နေတာကိုလည်း သတိပြုစေလိုပါတယ်။ လုံခြုံရေးစီမံချက်၊ ဆောင်ရွက်ချက်များကို အမြဲမပြတ် ဆောင်ရွက်နေရမှာဖြစ်တဲ့အတွက် ကျွန်မတင်သွင်းတဲ့အဆိုကို အတည်ပြုပေးဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်” ဟု တင်ပြသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်၌ စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၉၆ ဦးရှိပြီး အဆိုကို အတည်ပြုရန် ထောက်ခံမဲပေးသည့် ဦးရေမှာ ၁၅၀ ရှိကာ ကန့်ကွက်မဲ ပေးသည့်ဦးရေမှာ ၂၃၂ ဦး နှင့် ကြားနေမဲ ပေးသည့်ဦးရေမှာ ခြောက်ဦးရှိ၍ ကန့်ကွက်မဲများသည့်အတွက် ဒေါ်ခင်စောဝေ၏ အဆို ရှုံးနိမ့်ခဲ့ပြီး အဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။