ဈေးချိုတော်တွင် ဆိုင်ပေါင်း ၁၀၀ ကျော်ကို FDA မှ ခွင့်မပြုဆိုးဆေးကင်းစင်သော ဆိုင်အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ပြီး ဇူလိုင်လတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ

ဈေးချိုတော်တွင် ဆိုင်ပေါင်း ၁၀၀ ကျော်ကို FDA မှ ခွင့်မပြုဆိုးဆေးကင်းစင်သော ဆိုင်အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ပြီး ဇူလိုင်လတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ
Published 30 June 2018

‘အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)  FDA မှ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ မန္တလေးဈေးချိုတော်အား ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သော ဈေးဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိရာတွင် ဈေးအတွင်း ရောင်းချနေသော စားသောက်ကုန်များကို စစ်ဆေးမှုများပြုလုပ်၍ ဓာတုဆိုးဆေးကင်းစင်သော စားသောက်ကုန်ရောင်းချသည့် ဆိုင်ပေါင်း ၁၀၀ ကျော်အား ‘ခွင့်မပြုဆိုးဆေး ကင်းစင်သောဆိုင်’ အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ကာ ဇူလိုင်လတွင် နောက်ထပ်ဆိုင်များအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးရာတွင် ဈေးအတွင်းရှိဆိုင်များမှ အစားအသောက်များ ကောက်ယူစစ်ဆေးမှုအကြိမ် ကြိမ်ပြုလုပ်ကာ ပထမအကြိမ်အဖြစ် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သောဆိုင် ၁၂၄ ဆိုင်အား အသိအမှတ်ပြုကတ်ပြားများကို ဖေဖော်ဝါရီလအတွင်း ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဈေးအတွင်း ကျန်ရှိနေသေးသည့်ဈေးဆိုင်များကိုလည်း ဈေးကွက်နမူနာကောက် ယူစစ်ဆေးပြီး ခွင့်မပြုဓာတုဆိုးဆေးမပါဝင်ပါက အသိအမှတ်ပြုကတ်ပြားများ ပေးအပ်နိုင်ရန်စီစဉ်ခဲ့ရာတွင် ဇူလိုင်လအတွင်း၌ ဆိုင်ပေါင်း ၂၀၀ ကျော်အား အသိအမှတ်ပြုကတ်များ ထုတ်ပေးသွားမည်ဖြစ်သည်။

“ဈေးချိုတော်ကို ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်တဲ့ဈေးဖြစ်အောင် ဆောင်ရွက်တဲ့အခါမှာ ဈေးချိုတော်ထဲက စားသောက်ကုန် ရောင်းချတဲ့ဆိုင်တွေက စားသောက်ကုန် ပစ္စည်းတွေကို ပုံမှန်နမူနာကောက်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်။ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းတွေ ပြုလုပ်ပြီး ဆိုးဆေးကင်းစင်တဲ့ စားသောက်ကုန်ရောင်းတဲ့ဆိုင်တွေကို အသိအမှတ်ပြုကတ်ထုတ်ပေးနာဖြစ်တယ်၊ အသိအမှတ်ပြုကတ် ရထားတဲ့ဆိုင်တွေကိုလည်း ဆိုးဆေးပါတဲ့စားသောက်ကုန်တွေ မရောင်းအောင် အခါအားလျော်စွာ စစ်ဆေးခြင်းတွေလုပ်ပါတယ်။ တကယ်လို့ အဲဒီလိုစစ်တဲ့အချိန်မှာ ခွင့်မပြုဆိုးဆေးပါတဲ့ စားသောက်ကုန်တွေတွေ့ရင် အသိအမှတ် ပြုလက်မှတ်ပြန်သိမ်းအရေးယူတာအပြင် အမျိုးသားအစားသောက် ဥပဒေပုဒ်မ ၂၈ အရ  တရားစွဲဆိုအရေးယူသွားမှာပါဖြစ်တယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြားသည်။

ဈေးချိုတော်အတွင်း စားသောက်ကုန် ရောင်းချသည့် ဆိုင်ခန်းပေါင်း ၄၈၅ ဆိုင်ရှိပြီး အရောင်ပါစားသောက်ကုန်ရောင်းချသည့် ဆိုင် ၃၈၇ ဆိုင်ရှိရာ စစ်ဆေးမှုများပြုလုပ်ပြီး ဒုတ်ယအကြိမ်အဖြစ် ဆိုင်ပေါင်း ၂၄၉ ဆိုင်အား အသိအမှတ်ပြုကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် အသိအမှတ်ပြု ကတ်ပြားများရရှိထားသောဈေးဆိုင်များမှ အစားအသောက်များကို ဦးစားပေးဝယ်ယူစားသုံးခြင်းအားဖြင့် ဆိုးဆေးနှင့်ပတ်သက်သော ကျန်မာရေးအန္တရာယ်များကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။