ဇူလိုင်နှင့် သြဂုတ်လတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် ဖြစ်နိုင်သဖြင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နိုင်

ဇူလိုင်နှင့် သြဂုတ်လတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် ဖြစ်နိုင်သဖြင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နိုင်
Published 29 June 2018

မိုးလယ်ကာလဖြစ်သည့် ဇူလိုင်နှင့် သြဂုတ်လတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ် ဖြစ်နိုင်သဖြင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“မိုးလယ်ကာလမှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်နိုင်တယ်။ သုံးကြိမ်ထဲက တစ်ကြိမ်က မုန်တိုင်းငယ် ရောက်နိုင်တယ်။ အဲဒီ သုံးကြိမ်စလုံးက ဇူလိုင်၊ သြဂုတ် နှစ်လအတွင်း မှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်မယ်။ လတစ်ခုထဲမှာတော့ နှစ်ကြိမ်သွားကြမယ်။ ဇူလိုင်မှာ နှစ်ကြိမ် ဖြစ်ရင်ဖြစ် မဟုတ်ရင် သြဂုတ်မှာ နှစ်ကြိမ်ဖြစ်၊ တစ်လထဲမှာ နှစ်ကြိမ်ဖြစ်ရင် မိုးရရှိမှုက နှစ်ဆ တက်လာမယ်။ အဲဒီလိုဖြစ်လာရင် မြန်မာနိုင်ငံ အလယ်ပိုင်းကနေ အောက်ပိုင်း ရေကြီးသွားမယ်။ သြဂုတ်မှာ နှစ်ကြိမ်ဖြစ်ဖို့ ပိုများတယ်” ဟု ဦးချစ်ကျော် က ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ဖြစ်ပေါ်ပါက ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်ပါက ရခိုင်၊ ချင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မိုးပိုမည် ဖြစ်ကြောင်း၊ အထက်ပိုင်းတွင် မိုးပိုနိုင်ကြောင်း၊ ချင်းတွင်းမြစ်မှ ရေများသည် စီးဆင်းလာပြီး ဥရုချောင်းထဲသို့ ရေဆင်းပြီး ရေကြီးရေလျှံများ ဖြစ်ပေါ်နိုင်ကြောင်း၊ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပါက မုတ်သုံလေ အားကောင်းလာမည် ဖြစ်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

“မုတ်သုံ အားကောင်းရင် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန် မိုးများတယ်။ မိုးများတယ်ဆိုတော့ အပေါ်ပိုင်းမှာ မိုးများမယ်။ ပြီးရင် ဧရာဝတီထဲ ဆက်ဆင်းမယ်။ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံက ရေတွေက အောက်ကို ရောက်လာမယ်။ အဲဒီအချိန်မှာ အောက်ကလည်း မိုးရွာနေပြီဆိုရင် ရေကြီးမယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးလယ်ကာလ မိုးလေဝသခန့် မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမို အားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး မိုးလယ်ကာလတွင် မုတ်သုံလေ အားပြတ်ခြင်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မိုးလယ်ကာလအတွင်း မိုးရွာသွန်းမှု အခြေအနေသည် ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့ပြီး မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက် ပိုကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လ ပထမပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီး ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ဇွန် ၁၉ ရက်အထိ စာရင်းများအရ လူဦးရေ ၄၄၀၀၀ ခန့် ရေဘေးဒဏ် ခံစားခဲ့ရပြီး ၁၈ ဦး သေဆုံးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။