ဦးကိုနီအား လုပ်ကြံခဲ့ခြင်းမှာ ၎င်းနှင့် ၎င်း၏မိသားစုကို သတ်မည်ဟု ခြိမ်းခြောက်ခံရသဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကြည်လင်း ပြောကြား

ဦးကိုနီအား လုပ်ကြံခဲ့ခြင်းမှာ ၎င်းနှင့် ၎င်း၏မိသားစုကို သတ်မည်ဟု ခြိမ်းခြောက်ခံရသဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကြည်လင်း ပြောကြား
Published 29 June 2018

ကြည်လင်း အပါအဝင် ဦးကိုနီအမှုတွင် စွပ်စွဲခံရသူများကို ဇွန် ၂၈ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)

ဦးကိုနီအား လုပ်ကြံခဲ့ခြင်းမှာ ၎င်းနှင့် ၎င်း၏မိသားစုကို သတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသဖြင့် လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း ကြည်လင်းက ပြောကြားသည်။

ဇွန် ၂၈ ရက်တွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးချိန်းခေါ်ယူခဲ့ပြီး တရားသူကြီးက ကြည်လင်းကို အပြစ် ရှိ မရှိ မေးမြန်းရာတွင် ကြည်လင်းက “ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော့် မိသားစုနဲ့ ကျွန်တော့်အသက်ကို သတ်မယ်လို့ ခြိမ်းခြောက်စေခိုင်းတဲ့အတွက် ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဇေယျာဖြိုးကိုလည်း တရားသူကြီးက အပြစ် ရှိ မရှိ မေးမြန်းရာ ဇေယျာဖြိုးက “အောင်ဝင်းခိုင်နဲ့ ကျွန်တော် အဆက်အသွယ် မရှိပါဘူး။ အဖမ်းခံရတဲ့ အချိန်ကနေ ခုချိန်ထိလည်း အဆက်အသွယ် မရှိပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ နောက်ပြီး ရဲထွဋ်လှိုင်ဟာ ကျွန်တော့်ဝန်ထမ်း မဟုတ်ပါဘူး။ အောင်ဝင်းခိုင်ရဲ့ ဝန်ထမ်းပါ။ နေပြည်တော်က အစိုးရ ရုံးစိုက်ရာနေရာပါ။ ရာဇဝတ်သားတွေ ထွက်ပြေးတဲ့နေရာ မဟုတ်ပါဘူး” ဟု ဇေယျာဖြိုး က ဖြေကြားသည်။

အလားတူ အောင်ဝင်းဇော်ကို မေးမြန်းရာ အောင်ဝင်းဇော်က “ကျွန်တော်နဲ့ အဆက်အသွယ်လည်း မရှိပါဘူး။ ပူးပေါင်း ဆောင်ရွက်မှုလည်း မရှိပါဘူး” ဟု ဖြေကြားသည်။

ထိုနည်းတူ အောင်ဝင်းထွန်းကို မေးမြန်းရာတွင်လည်း အောင်ဝင်းထွန်းက “ဒီဖြစ်စဉ်ကို ကျွန်တော် သိလည်း မသိပါဘူး။ နေတာကလည်း မော်တင်စွန်းမှာပါ။ ရိုးသားစွာနဲ့ အများပြည်သူသုံးတဲ့ လမ်းသွားတာပါ။ ဗုဒ္ဓဘာသာတို့ ထုံးစံအတိုင်း အလှူသွားလုပ်တာပါ။ သိမ်းခံထားရတဲ့ ကျွန်တော့် ဖုန်းထဲမှာလည်း ကျွန်တော်သွားတဲ့ လမ်းကြောင်းပါ ပါတယ်” ဟု ဖြေကြားသည်။

ဇွန် ၂၈ ရက် ရုံးချိန်းတွင် ကြည်လင်းပါ စွပ်စွဲခံရသူ လေးဦးက ၎င်းတို့တွင် အပြစ်မရှိကြောင်း ပြသရန် တရားခံပြ သက်သေစာရင်းကို တရားရုံးသို့ တင်ပြခဲ့သည်။

ကြည်လင်း ခြိမ်းခြောက် စေခိုင်းခံထားရသည့် ကိစ္စနှင့် ပတ်သက်၍ ကြည်လင်း၏ ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေ) က “ သူက စကတည်းက ဒီသေနတ်ကို မြင့်ဆွေ ဆိုတဲ့သူ ပေးတယ်လို့ ပြောတယ်။ အဲဒီမြင့်ဆွေ ဘယ်မှာနေတယ်လို့လည်း သူပြောပြီးသား။ ဆိုလိုတာက မြင့်ဆွေဆိုတာ ဘယ်သူဆိုတာ သူဖြေရှင်းပြီးသား။ ဒီဖြေရှင်းချက်အပေါ်ကို သက်သေခံ အထောက်အထားလိုက်ပြီး မထောက်လှမ်းနိုင်တာတော့ ဒါ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကိစ္စလို့ပဲ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့လည်း စုံစမ်းခွင့်မရှိဘူး။ သူက အစကတည်းက ပြောနေတာ။ အဲဒီ မြင့်ဆွေဆိုတာ ဘယ်သူမှန်းကို တိတိကျကျ မဖော်ထုတ်နိုင်ဘဲနဲ့ ဒီမှာလည်ပြီးတော့ ကိုအောင်စိုးရဲ့ပြောကြားချက်အရ မြင့်ဆွေဆိုတာ အောင်ဝင်းဇော်။ စီစီတီဗွီလည်း တွေ့တယ်ဆိုပြီးတော့ ဖြေရှင်းနေရတာ” ဟု ပြောကြားသည်။

ကြည်လင်းက ထိုကဲ့သို့ ပြောကြားသဖြင့် အဆိုပါပြောကြားချက်အပေါ် ကြည်လင်း အနေဖြင့် သက်သေပြရန် လိုအပ်လာကြောင်း တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

“သူတို့အနေနဲ့ တရားရုံးက လက်ခံနိုင်အောင် သုံးသပ်နိုင်အောင်တော့ သက်သေပြပေါ့။ မပြနိုင်ရင်တော့ သူတို့ဘက်က တင်ပြချက်က တန်ဖိုးမရှိဘူူးပေါ့။ သက်သေပြဖို့ တာဝန်က သူတို့အပေါ် လုံးလုံးလျားလျား ကျရောက်သွားပါပြီ”ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ အမှုကို စစ်ဆေးနေသည်မှာ ရုံးချိန်းအားဖြင့် အကြိမ် ငါးဆယ်ကျော် ရှိပြီဖြစ်ပြီး ကာလအားဖြင့် တစ်နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။ လာမည့် ရုံးချိန်းကို ဇူလိုင် ၅ ရက်သို့ ချိန်းဆိုထားပြီး ယင်းနေ့တွင် ကြည်လင်းကို စစ်ဆေးမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။